News

POST TYPE

HEALTH

အသက် ငါးနှစ်အောက် သေဆုံးမှုများတွင် ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သည့်ရောဂါများ ပါဝင်
12-Sep-2019
ရန်ကုန်၊ စက်တင်ဘာ ၁၂

မြန်မာနိုင်ငံတွင် အသက် ငါးနှစ်အောက်ကလေးများ သေဆုံးမှုတွင် ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သည့်ရောဂါများ ပါဝင်နေကြောင်း ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်မန်နေဂျာ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းက ပြောကြားသည်။

“အသက်ငါးနှစ်အောက်ကလေးတွေ နေ့စဉ်နဲ့အမျှ သေဆုံးနေတယ်။ ဒီလိုသေဆုံးတဲ့ ရောဂါအမျိုးမျိုးတွေထဲမှာ ကာကွယ်ဆေးကြောင့် ကာကွယ်လို့ရတဲ့ရောဂါတွေ ပါနေတယ်။ သေဆုံးတဲ့အချိန် ဘယ်လိုပဲဖြစ်ဖြစ် ကာကွယ်ဆေးထိုးတဲ့အချိန်မှာ ကြုံကြိုက်တဲ့အခါ ရောဂါကိုအပြစ်မဖို့ဘဲ ကာကွယ်ဆေးကို အပြစ်ဖို့ မိတတ်တယ်”ဟု ၎င်းကရှင်းပြသည်။

နေရာဒေသတစ်ခု၏ ကာကွယ်ဆေး လွှမ်းခြုံမှုရာခိုင်နှုန်းသည် ၅၀ ရာခိုင်နှုန်းခန့်သာရှိပါက ကာကွယ်နိုင်မှုစွမ်း အားနည်းပါးကာ အုပ်စုလိုက် ကာကွယ်နိုင်မှု စွမ်းအားမရရှိနိုင်ကြောင်းနှင့် လွှမ်းခြုံမှု ၈၀ ရာခိုင်နှုန်း (သို့) ၉၀ ရာခိုင်နှုန်းကျော်မှသာလျှင် အကျိုးသက်ရောက်ပြီး ကျန်ရှိသည့်လူနာအုပ်စုများကို ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုတိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းထံမှ သိရသည်။

ကာကွယ်ဆေးထိုးလုပ်ငန်းတွင် အသုံးပြုသည့်ဆေးများသည် အခြားသောနိုင်ငံတိုင်းတွင် ရေရှည်အသုံးပြုခဲ့သည့် ဆေးများဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံရာတွင် ကာကွယ်ဆေးထိုးရ မည့်ကလေးများကို လိုက်လံရှာဖွေ၍ ထိုးနှံပေးနေရသေးကြောင်း၊ လူထုအား ကာကွယ်ဆေးနှင့်ပတ်သက်သည့် အသိပညာရရှိရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနှင့် ပြုလုပ်ပေးရန် လိုအပ်သကဲ့သို့ ယင်းအသိပညာများကိုသိရှိပြီး ကာကွယ်ဆေး လာရောက်ထိုးနှံပေးရန်မှာလည်း မိဘများ၏ တာဝန်ဖြစ်ကြောင်း ဒေါက်တာထားထားလင်းက ဖြည့်စွက်ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုတိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်း အနေနှင့် အသက်တစ်နှစ်အောက် ကလေးငယ်များ၏ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် တီဘီဦးနှောက် အမြှေးရောင်ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါဘီရောဂါ၊ ဝက်သက်ရောဂါ၊ အဆုတ်ရောင်ရောဂါ၊ ဂျိုက်သိုးရောဂါ၊ ပြင်းထန်ဦးနှောက်အမြှေးရောင်ရောဂါနှင့် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးစသည့် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း ဗဟိုတိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းထံမှ သိရသည်။

ထို့ပြင် Gavi-Vaccine Alliance အဖွဲ့၏ထောက်ပံ့မှုဖြင့် လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ရိုတာဝမ်းပျက် ဝမ်းလျှောရောဂါ ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးများကိုပါ ထည့်သွင်းထိုးနှံပေးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

J-12