News

POST TYPE

HEALTH

အသည်းရောင် အသားဝါ (စီ) ပိုး လူနာရှင်ငါးထောင်ခန့်၏ ကုထုံးအောင်မြင်မှုနှုန်း ၉၀ ရာခိုင်နှုန်းခန့်ရှိ
07-Aug-2019
ရန်ကုန်၊ ဩဂုတ် ၇

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုးသားအသည်းရောင်အသားဝါ ရောဂါကာကွယ်ထိန်းချုပ်ရေး စီမံချက်သည် အသည်းရောင်အသားဝါ (စီ) ပိုး ရောဂါလူနာ ငါးထောင်ခန့်ကို အခမဲ့ ကုသမှုပေးခဲ့ရာ ရောဂါကုသမှုခံယူပြီး လူနာများ၏ကုထုံးအောင်မြင်မှုနှုန်းသည် ၉၀ မှ ၉၁ ရာခိုင်နှုန်းရှိသောကြောင့် ရလဒ်ကောင်းမွန်ကြောင်း ယင်းစီမံချက်ထံမှ သိရသည်။

၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်၊ မေလအထိ အသည်းရောင်အသားဝါ (စီ) ပိုး လူနာ ငါးထောင်ခန့်ကို အခမဲ့ကုသမှုပေးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ ပြည်သူ့ဆေးရုံကြီး ၇ ရုံတွင်လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် မြစ်ကြီးနားနှင့် မော်လမြိုင်ရှိ ပြည်သူ့ဆေးရုံကြီးများတွင်လည်းကောင်း အသည်းရောင်အသားဝါ (စီ) ကုသမှုဌာနများဖွင့်လှစ်၍ ကုသမှုပေးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

ထို့ပြင် အသည်းရောင်အသားဝါ (ဘီ) နှင့် (စီ) ရောဂါ ရှိ၊ မရှိစစ်ဆေးပေးခြင်း၊ အသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အသည်းရောင်အသားဝါ (ဘီ) နှင့် (စီ) ရောဂါဖြစ်ပွားသူများကို ကုသမှုပေးခြင်းဆိုင်ရာလုပ်ငန်းများကို မြန်မာအသည်းဖောင်ဒေးရှင်းသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်ပူးပေါင်း၍ မြို့နယ် အသင်းခွဲ ၂၃ ခုတွင် ဆောင်ရွက်လျက်ရှိကြောင်း ယင်းဖောင်ဒေးရှင်းထံမှ သိရ သည်။

မြန်မာနိုင်ငံတွင် အသည်းရောင် အသားဝါ (ဘီ) နှင့် (စီ) ရောဂါဖြစ်ပွားမှုသည် မြင့်တက်လျက်ရှိပြီး လူဦးရေ၏ ၆ ဒသမ ၅ ရာခိုင်နှုန်းသည် အသည်းရောင် အသားဝါ (ဘီ) ရောဂါနှင့် လူဦးရေ၏ ၂ ဒသမ ၇ ရာခိုင်နှုန်းသည် အသည်းရောင် အသားဝါ (စီ) ရောဂါဖြစ်ပွားလျက်ရှိကြောင်း ၂၀၁၅ ခုနှစ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးသုတေသန ဦးစီးဌာနနှင့် မြန်မာအသည်းဖောင်ဒေးရှင်းတို့ ကောက်ယူခဲ့သည့်စစ်တမ်းတွင် ဖော်ပြထားသည်။

ထို့အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနှင့် ယခုနှစ် ဩဂုတ်လနှင့် စက်တင်ဘာလတွင် အသည်းရောင်အသားဝါ (စီ) ကုသမှုဌာနများ ထပ်မံဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိသည့်အပြင် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် အသည်းရောင်အသားဝါရောဂါများဖြစ်ပွားမှု လျော့နည်းကင်းစင်၍ ပြည်သူ့ကျန်းမာရေးခြိမ်းခြောက်မှုမှ ဖယ်ရှားနိုင်ရန် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

J-12