News

POST TYPE

HEALTH

ပိုလီယိုကာကွယ်ဆေး လွှမ်းခြုံမှုအားနည်းသည့် မြို့နယ်များ၌ ကာကွယ်ဆေးတိုက်ရန်စီစဉ်
06-Aug-2019
ရန်ကုန်၊ ဩဂုတ် ၆

မြန်မာနိုင်ငံရှိ ဒေသအလိုက် ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းကို ကာကွယ်ဆေးထိုးလွှမ်းခြုံမှု အားနည်းနေသည့်မြို့နယ်များ၌ ကာကွယ်ဆေးတိုက်ကျွေးရန် စီစဉ်လျက်ရှိကြောင်း ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းထံမှ သိရသည်။

မြို့နယ် ၉၆ မြို့နယ်၌ ပထမအကြိမ်ကို ဩဂုတ်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိလည်းကောင်း၊ ဒုတိယအကြိမ်ကို အောက်တိုဘာလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိလည်းကောင်း ဆောင်ရွက်ရန်စီစဉ်ထားကြောင်း ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၏ ဖော်ပြချက်အရ သိရသည်။

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၉ ခုနှစ် ဇွန်လ ၂၃ ရက်နေ့မှ ယခုရက်ပိုင်းအထိ အသွင်ပြောင်း ပိုလီယိုဗိုင်းရပ်စ်ပိုးကို အကြောသေလက္ခဏာဖြစ်ပွားသူ ကလေးလူနာ ၄ ဦးနှင့် အကြောသေလက္ခဏာမရှိသော်လည်း လူနာနှင့် တစ်ရွာတည်းအတူနေ ကလေး ၇ ဦးတို့တွင် ဓာတ်ခွဲအတည်ပြုတွေ့ရှိရပြီး ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ မွေးကင်းစမှ အသက် ၁၅ နှစ်အထိ ကလေးငယ်များနှင့် ကရင်ပြည်နယ်ရှိ မြို့နယ် ၆ ခု၊ မွန်ပြည်နယ်ရှိ သထုံမြို့နယ်၊ ဘီးလင်းမြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးရှိ ကျောက်ကြီးမြို့နယ်နှင့် ရွှေကျင်မြို့နယ်များရှိ အသက် ၅ နှစ်အရွယ် ကလေးများကို ထိုးနှံပေးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါတွေ့ရှိချက်နှင့်ပတ်သက်၍ ကူးစက်ပျံ့နှံ့မှုရပ်တန့်နိုင်ရန်အတွက် ဖာပွန်မြို့နယ်အပါအဝင် မြို့နယ် ၁၂ မြို့နယ်တွင် ကလေး ၃ သိန်းခန့်အား ဇူလိုင်လ ၇ ရက် နေ့မှ ၉ ရက်နေ့အထိလည်းကောင်း၊ ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိလည်းကောင်း ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခဲ့ကြောင်း၊ ပထမအကြိမ်တွင် ၉၀ ရာခိုင်နှုန်းနှင့် ဒုတိယအကြိမ်တွင် ၉၅ ရာခိုင်နှုန်း လွှမ်းခြုံမှုရခဲ့ကြောင်း ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းက ဖော်ပြထားသည်။

ကာကွယ် ဆေးလုပ်ငန်းများအတွက် အစိုးရက ၁၂ ရာခိုင်နှုန်း၊ Gavi က ၁၇ ရာခိုင်နှုန်း၊ Global Polio Education Initiative (GPEI) က ၇၁ ရာခိုင်နှုန်းထည့်ဝင်ထားပြီး ယင်းလုပ်ငန်းဆောင်ရွက်ရန် လိုအပ်သည့်ကာကွယ်ဆေး၊ ဆက်စပ်ပစ္စည်းများနှင့် အထွေထွေလုပ်သားများအတွက် စုစုပေါင်း ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ သန်းခန့်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

ပိုလီယိုအကြောသေရောဂါသည် အလွန်ကူးစက်မြန်သောရောဂါဖြစ်ပြီး ပိုလီယိုဗိုင်းရပ်စ် အရိုင်းပိုးအမျိုးအစား ၁၊ ၂၊ ၃ တို့ကြောင့်ဖြစ်ပွားပြီး ပိုလီယိုအကြောသေရောဂါပိုး ကူးစက်ခံနေရသူအများစုသည် အကြောသေခြင်းမရှိသော်လည်း အခြားသူအား ကူးစက်နိုင်ကြောင်း၊ ရောဂါပိုးကူးစက်ခံရသူ၏ မစင်ဖြင့်ထိတွေ့သော အစားအစာများနှင့် ရေများကို စားသောက်မိခြင်းမှတစ်ဆင့် ကူးစက်ပြန့်ပွားနိုင်ကြောင်း၊ အဆိုပါ ရောဂါပိုးကူးစက်ခံထားရသူ ၂၅ ရာခိုင်နှုန်းသည် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း စသည့်လက္ခဏာများဖြစ်ပွားပြီး ပိုလီယိုအကြောသေရောဂါ ဖြစ်ပွားမှုကို ပိုလီယို အစက်ချ ကာကွယ်ဆေးနှင့် ပိုလီယိုကာကွယ်ဆေး ထိုးဆေးများကို ထိုးနှံတိုက်ကျွေးခြင်းဖြင့် ကာကွယ်နိုင်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းအနေနှင့် အသက်တစ်နှစ်အောက် ကလေးငယ်များ၏ ပုံမှန် ကာကွယ်ဆေးထိုးအစီအစဉ်တွင် တီဘီ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ ဘီရောဂါ၊ ဝက်သက်ရောဂါ၊ အဆုတ်ရောင်ရောဂါ၊ ဂျိုက်သိုးရောဂါ၊ ပြင်းထန်ဦးနှောက် အမြှေးရောင်ရောဂါနှင့် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးစသည့် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းထံမှ သိရသည်။

J-12