News

POST TYPE

HEALTH

ကျောင်းနေအရွယ်များကို ကျန်းမာရေးအသိပညာမြှင့်တင်ရေး လုပ်ဆောင်ရန်လိုအပ်
09-Jul-2019
ရန်ကုန်၊ ဇူလိုင် ၉

ပြည်သူလူထုအတွင်း ကျန်းမာရေး အသိပညာ မြှင့်တင်ရေးလုပ်ငန်းများ ပြုလုပ်သကဲ့သို့ ကျောင်းနေအရွယ် ကလေးများကိုလည်း ကျန်းမာရေး အသိပညာမြှင့်တင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်လိုအပ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

“ကလေးတွေက ကျောင်းမှာ သင်ရတာတွေကနေ သူတို့အချင်းချင်း သိလာမယ်၊ ဒီကနေတစ်ဆင့် သူတို့မိဘတွေဆီ ဘယ်ဟာကတော့ ကောင်းတယ်၊ မကောင်းဘူး ပြန်ပြောတော့ ပညာပေးတာက ထိရောက်တယ်”ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေနှင့် ကျောင်းသား၊ ကျောင်းသူ ၉ ဒသမ ၇ သန်းခန့်ရှိပြီး ၎င်းတို့သည် ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စားသောက်မှုများ ဆောင်ရွက်ခြင်းဖြင့် ပိုမိုကျန်းမာသန်စွမ်းကာ အနာဂတ်တွင် ကဏ္ဍအသီးသီးအတွက် စွမ်းဆောင်ရှင်များ ထွက်ပေါ်လာမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဇူလိုင်လ ၆ ရက်နေ့တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးအဆင့် (၂၀၁၉-၂၀၂၀) ပညာသင်နှစ် ကျန်းမာရေး အဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အသိပေးဆွေးနွေးပွဲတွင် ဖြည့်စွက်ပြောကြားသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ကျောင်းနေအရွယ်ကလေးများတွင် ဆေးလိပ်ဆေးရွက်ကြီးနှင့် ကွမ်းယာသုံးစွဲမှု ကင်းစင်ပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် ကင်းစင်ပပျောက်ရေး၊ အရက် အလွန်အကျွံ သောက်သုံးခြင်းနှင့် နောက်ဆက်တွဲ အန္တရာယ်များ လျှော့ချရေး၊ ကျန်းမာရေးနှင့် ညီညွတ်သည့် လူနေမှုဘဝပုံစံများ လိုက်နာကျင့်သုံးဆောင်ရွက်ရေး၊ ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်တို့ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု လျော့နည်းပပျောက်ရေး၊ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများကို ထည့်သွင်းသင်ကြားပေးနိုင်ရေး၊ ဂိမ်းအလွန်အကျွံ စွဲလမ်းမှုပပျောက်ရေးနှင့် Screen Time လျှော့ချရေး စသည့်အချက်များကို လုပ်ဆောင်ရန် လမ်းညွှန်ထားကြောင်း သိရသည်။

ထို့ပြင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၃၃ မြို့နယ်ရှိ ကျောင်းပေါင်း ၆၀ ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်များ၊ ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ် ၉ ရပ်တို့ဖြင့် ကျန်းမာရေး အဆင့်မြှင့် ကျောင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောကြားသည်။

J-12