News

POST TYPE

HEALTH

တုပ်ကွေးရောဂါများ စောင့်ကြပ်ကြည့်ရှုရေး ဆေးရုံ ၁၅ ခု၌ တိုးချဲ့မည်
22-Jun-2019
ရန်ကုန်၊ ဇွန် ၂၂

တုပ်ကွေးဆန်သည့် ရောဂါလက္ခဏာ များဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများကို ဆေးရုံကြီး ၁၅ ခုတွင် တိုးချဲ့ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါလုပ်ငန်းကို ၂၀၁၇ ခုနှစ်တွင် ဆေးရုံကြီး ၈ ရုံ၌ဆောင်ရွက်ခဲ့ပြီး ယခုနှစ်အတွက် တိုးချဲ့ခြင်းလုပ်ငန်းကို မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ အင်းစိန်ပြည်သူ့ဆေးရုံကြီး၊ လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ဆေးရုံကြီးများတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၂၉ ရက်နေ့အထိ စုစုပေါင်းလူနာ ၁၆ ဦးတွင် ရာသီတုပ်ကွေး (H1N1) ပိုးတွေ့ရှိခဲ့ပြီး ယင်းရောဂါပိုးကြောင့် ရန်ကုန်တိုင်းဒေသကြီးမှ ၅ ဦးနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ၁ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲထံမှ သိရသည်။

“ရာသီတုပ်ကွေးက အရွယ်စုံ၊ နေရာ ဒေသမရွေး ဖြစ်နိုင်တယ်။ အသက် ၅ နှစ်အောက်ကလေးတွေ၊ အသက် ၇၀ အထက်လူကြီးတွေ၊ နာတာရှည်ရောဂါဖြစ်နေတဲ့သူတွေနဲ့ ကိုယ်ဝန်ဆောင်တွေမှာတော့ ဖြစ်တာပိုပြင်းထန်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ (တိုးချဲ့ကာကွယ်ဆေး၊ ကူးစက်၊ သဘာဝဘေးဌာနခွဲ) လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်စုမွန်က ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း တုပ်ကွေးရောဂါပိုးစစ်ဆေးသူ ၁,၁၆၅ ဦးအနက် ၄၅၈ ဦးတွင် တုပ်ကွေးရောဂါပိုးတွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ၄၀၆ ဦးတွင် ရာသီတုပ်ကွေးရောဂါ (H1N1) ပိုးတွေ့ရှိခဲ့ ပြီး ၃၈ ဦး သေဆုံးခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် တုပ်ကွေးရောဂါပိုးစစ်ဆေးသူ ၃၆၇ ဦးအနက် ၁၁၈ ဦးတွင် တုပ်ကွေးရောဂါပိုးတွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ရာသီတုပ်ကွေးရောဂါ (H1N1) ပိုး ၁၃ ဦးတွင်တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

J-12