News

POST TYPE

HEALTH

လူဦးရေအခြေပြု ကင်ဆာရောဂါစာရင်း ယခုနှစ်ကုန် ထုတ်ပြန်မည်
18-Jun-2019
ရန်ကုန်၊ ဇွန် ၁၈

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လူဦးရေအခြေပြု ကင်ဆာရောဂါစာရင်းကို ယခုနှစ်ကုန်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကင်ဆာရောဂါဆေးပညာဌာန ပါမောက္ခ ဒေါက်တာခင်သင်းမူက ပြောကြားသည်။

ကင်ဆာရောဂါဖြစ်ပွားသူများကို ကုသမှုပေးခြင်း တစ်မျိုးတည်းကိုသာ ဆောင်ရွက်ပါက ကင်ဆာရောဂါ ဖြစ်ပွားသည့်အရေအတွက် ပို၍များပြားလာပြီး ရေရှည်တွင် ယင်းရောဂါအောင်မြင်ရေးကို ဆောင်ရွက်နိုင်မည်မဟုတ်သဖြင့် ကင်ဆာရောဂါ ကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းများကို အလေးပေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ လူဦးရေအခြေပြု ကင်ဆာရောဂါစာရင်းကောက်ယူခြင်း (Population Based Cancer Registry) ကို ၂၀၁၈ ခုနှစ်တွင် နေပြည်တော်၌စတင်ခဲ့ပြီး ယင်းလုပ်ငန်းအတွက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲနှင့် အခြားနှီးနွှယ်ဌာနများပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

ထို့ပြင် လူဦးရေအခြေပြု ကင်ဆာရောဂါစာရင်း ကောက်ယူခြင်းကို ရန်ကုန်တိုင်းဒေသကြီးတွင် တိုးချဲ့လုပ်ဆောင်လျက်ရှိပြီး မန္တလေးတိုင်းဒေသကြီးနှင့် တောင်ကြီးတို့တွင် တိုးချဲ့ဆောင်ရွက်သွားရန်ရှိကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကင်ဆာရောဂါဆေးပညာဌာန ပါမောက္ခ ဒေါက်တာခင်သင်းမူက ဖြည့်စွက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် အမျိုးသားများ၌ အဆုတ်ကင်ဆာ၊ ခံတွင်းကင်ဆာ၊ အသည်းကင်ဆာ၊ အစာအိမ်နှင့် အူမကြီးကင်ဆာများ အဖြစ်များပြီး အမျိုးသမီးများတွင်မူ ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ သားဥအိမ်ကင်ဆာနှင့် အစာအိမ်ကင်ဆာများ ဖြစ်ပွားမှုများကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စာရင်းများအရသိရသည်။

J-12