News

POST TYPE

HEALTH

မျက်လုံး၊ နားရွက်နှင့် ကျောရိုးမူမမှန်သည့်ကလေး ဆေးကုရန် Pou Chen Group က ဒေါ်လာတစ်သိန်းထောက်ပံ့
30-May-2019
ရန်ကုန်၊ မေ ၃၀

ထိုင်ဝမ်စီးပွားရေးလုပ်ငန်းရှင် Pou Chen Group က မျက်လုံး၊ နားရွက်နှင့် ကျောရိုးမူမမှန်သည့်ကလေး ထိုင်ဝမ်၌ ဆေးကုသနိုင်ရန် ဒေါ်လာတစ်သိန်းထောက်ပံ့ပေးခဲ့ကြောင်း Pou Chen Group ထံမှ သိရသည်။

အဆိုပါ မွေးရာပါမျက်လုံး၊ နားရွက်နှင့် ကျောရိုးမူမမှန်သည့် အသက် ၁၁ နှစ်အရွယ် မဆုလတ်ထွေးအား ထိုင်ဝမ်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဩဂုတ်လမှစတင်၍ ၇ လကြာ ဆေးကုသမှုပေးခဲ့ကြောင်း တိုင်ပေအခြေစိုက်၊ မြန်မာနိုင်ငံ ကူးသန်းရောင်းဝယ်ရေးရုံးခန်း သံအမတ် ဒေါက်တာမျိုးသက်က ပြောကြားသည်။

"မျက်လုံးနဲ့ပတ်သက်ပြီး အတွင်းက မျက်သားတွေဖယ်ပေးတယ်။ နားကိုလည်း အသစ်ပြန်တပ်ပေးတယ်။ နောက်တဆင့်တော့ ဆက်လုပ်ရဦးမယ်။ ကလေးက စိတ်ပိုင်းရော ကျန်းမာရေးရော ကောင်းမွန်စွာနဲ့ပြန်လာပါတယ်။ နောက်ပိုင်းမှာတော့ ကျန်းမာရေးတင်မဟုတ်ဘူး။ စီးပွားရေးနဲ့ ပညာရေးကဏ္ဍတွေပါ ပိုမိုဆောင်ရွက်သွားမယ်"ဟု ၎င်းကဆိုသည်။

ထိုကဲ့သို့ ကုသရာတွင် လူနာကလေးသည် မျက်လုံးရှင်းလင်းစွာ မမြင်ရခြင်း၊ ဆုံချက်မညီခြင်း၊ စောင်းမြင်ခြင်းအပြင် အဆိုပါကလေး၏နံရိုးကို ထုတ်၍အကြိမ်ကြိမ်ခွဲစိတ်ကာ ညာဘက်နားရွက်အသစ်ကို ပြန်လည်တည်ဆောက်ပေးနိုင်ခဲ့ပြီး နောက်ထပ် ၂ နှစ် ၆ လအကြာတွင် ညာအောက်မေးရိုးပေါင်းစပ်နေရာ ပြန်လည်ပြုပြင်သောနည်းလမ်းဖြင့် ညာဘက်ခြမ်းမျက်နှာကို ပြန်လည်တည်ဆောက်ပေးမည်ဖြစ်ကြောင်း Pou Chen Group ထံမှ သိရသည်။

"သမီးက မွေးရာပါပေါ့။ မျက်လုံးကတော့ အခုမြင်ရတယ်။ နားကတော့ မွေးရာပါမပါတာ။ အခုတော့ နားအသစ် လုပ်ပေးလိုက်တာပေါ့။ ကြားတော့မကြားရဘူး။ အခုလိုဖြစ်လာတော့ အရမ်းဝမ်းသားပါတယ်"ဟု မဆုလတ်ထွေး၏မိခင်ကဆိုသည်။

ယခုခွဲစိတ်မှုအတွက် အစပိုင်းတွင် ထိုင်ဝမ်ခရစ်ယာန်ဂရုဏာရှင်အသင်းမှ ထိုင်ဝမ်ဆေးကုသအဖွဲ့သို့ ဆေးကုသရန် တောင်းဆိုခဲ့ပြီး ထိုင်ဝမ်ပြည်ပကူးသန်းရောင်းဝယ်ဖွံဖြိုးရေးအဖွဲ့နှင့် China Medical University Hospital တို့ ပူးပေါင်းပြီး Pou Chen Group က ထောက်ပံ့လှူဒါန်းခဲ့ခြင်းဖြစ်သည်။

J-12