News

POST TYPE

HEALTH

မြန်မာနိုင်ငံ၌ တစ်နှစ်လျှင် ကလေးကင်ဆာအသစ်ဖြစ်ပွားသူ နှစ်ထောင်ခန့်ရှိ
20-May-2019
ရန်ကုန်၊ မေ ၂၀

မြန်မာနိုင်ငံ၌ တစ်နှစ်လျှင် ကလေးကင်ဆာအသစ်ဖြစ်ပွားသူ နှစ်ထောင်ခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်း ရန်ကုန် ကလေးဆေးရုံကြီး၊ သွေးရောဂါနှင့် ကင်ဆာကုသဆောင်မှ ကလေးကင်ဆာအထူးကု ဆရာဝန်ကြီး ဒေါက်တာတင့်မျိုးနှင်းက ပြောကြားသည်။

“ကင်ဆာဖြစ်တဲ့ကလေးတွေ တစ်နှစ်ထက်တစ်နှစ် များလာတယ်။ အမှန်က ဖြစ်နှုန်းများလာတာ မဟုတ်ဘူး။ လက်ရှိခန့်မှန်းထားတဲ့ ကင်ဆာလူနာ အသစ်တွေထဲမှာ ရန်ကုန်နဲ့ မန္တလေး နှစ်နေရာမှာ လာကုတာ ၈၀၀ လောက်ပဲ ရှိတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါရောဂါဖြစ်ပွားသူများကို ခန့်မှန်းထားသော်လည်း ကင်ဆာရောဂါ ဖြစ်ပွားသူ ၈၀၀ ခန့်သာ ဆေးကုသမှုခံယူကြပြီး ကျန်ရှိနေသည့် ၁၂၀၀ ခန့်မှာ ကင်ဆာရောဂါ ဖြစ်ပွားမှန်းမသိဘဲနေထိုင်၍ အသက်ဆုံးပါးသွားလျက်ရှိကြောင်း ရန်ကုန် ကလေးဆေးရုံကြီး၊ သွေးရောဂါနှင့် ကင်ဆာကုသဆောင်ထံမှ သိရသည်။

ရန်ကုန်ကလေးဆေးရုံကြီး၊ သွေးရောဂါနှင့် ကင်ဆာကုသဆောင်ကို ပြီးခဲ့သည့် ၂၀၀၃ ခုနှစ်တွင် စတင်ဖွင့်လှစ်၍ ကုသမှုပေးခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ကင်ဆာရောဂါလူနာအသစ် ၃၅၀ ဦးခန့် လာရောက်ကုသခဲ့ရာ လက်ရှိတွင် ကုသမှုခံယူသူပေါင်း တစ်ထောင်ကျော်ရှိကြောင်း ယင်းဆေးရုံကြီးထံမှ သိရသည်။

သွေးကင်ဆာရောဂါနှင့် ဦးနှောက် နှင့် အာရုံကြောရောဂါတွင်ဖြစ်သည့် ကင်ဆာများသည် ကလေးငယ်များတွင် အဖြစ်များပြီး လက်ရှိတွင် ရန်ကုန်ကလေးဆေးရုံကြီး၌ ကလေးကင်ဆာ အတွင်းလူနာ ၇၅ ဦးခန့် တက်ရောက်ကုသမှုခံယူလျက်ရှိ ကာ ပြင်ပလူနာမှာ နေ့စဉ် ၇၀ ဦးမှ ၁၀၀ ဦး ကြား ကုသမှုပေးလျက်ရှိကြောင်း သိရသည်။

J-12