News

POST TYPE

HEALTH

ကလေးဝတွင် ကျောက်မီးသွေး တူးဖော်သည့် ကုမ္ပဏီတစ်ခုကို တူးဖော်ခွင့် ယာယီဆိုင်းငံ့ထား
07-May-2019
ကလေး၊ မေ ၇

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်နေသည့် ကုမ္ပဏီတစ်ခုကို နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်များပေးသွင်းရန် ပျက်ကွက်သည်ဟုဆိုကာ တူးဖော်ထုတ်လုပ်ခွင့် ယာယီ ဆိုင်းငံ့ထားကြောင်း စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ချင်းတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးလာလ်ထောင်ထန်းက ပြောကြားသည်။

ယင်းဒေသတွင် ကျောက်မီးသွေး တူးဖော်သည့် ကုမ္ပဏီများအနက် ထွန်းသွင် သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်သည် သတ္တုတွင်းဥပဒေ၊ နည်းဥပဒေများအမိန့်နှင့် ညွန်ကြားချက်များကို လိုက်နာဆောင်ရွက်မှုမရှိခြင်း၊ နိုင်ငံတော်သို့ ပေးသွင်းရမည့်အခွန်များ ပေးသွင်းရန် ပျက်ကွက်ခြင်း၊ အမှန်တကယ် တူးဖော်ထုတ်လုပ်သည့် ကျောက်မီးသွေး အရေအတွက်ထက် ပမာဏ လျော့နည်းဖော်ပြခြင်းနှင့် ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ အခြားကုမ္ပဏီများကို ထပ်ဆင့် တူးဖော်ထုတ်လုပ်ခွင့်ပေးခြင်းတို့ကြောင့် ကုမ္ပဏီ၏ ကျောက်မီးသွေး တူးဖော်ထုတ်လုပ်မှုကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှစတင်၍ ယာယီ ဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ချင်းတိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဦးလာလ်ထောင်ထန်းက “အကန့်အသတ်မရှိဘူး။ သူတို့နဲ့ အခွန်ပေးသွင်းတာ ဘာညာ အခွန်တွေ ဘာတွေကျေမှပဲ။ အခုက အခွန်တွေ မကျေဘူး။ ကျေမှပဲ ပြန်စဉ်းစားမယ်”ဟု ဆိုသည်။

မေလ ၇ ရက်နေ့က ကျင်းပသည့် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ကလေးဝမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းကျော်က ကလေးဝမြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်နေသည့် ကုမ္ပဏီများအနက် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု (သို့မဟုတ်) နိုင်ငံတော်မှ ချမှတ်ထားသည့် ဥပဒေ စည်းကမ်းချက်များနှင့် မညီညွတ်၍ ရပ်ဆိုင်းထားသည့် / အရေးယူထားသည့် ကုမ္ပဏီများရှိ မရှိနှင့် ရှိပါက မည်ကဲ့သို့ စီမံဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုကြောင်း မေးခွန်းအပေါ် ဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

ကလေးဝမြို့နယ်အတွင်း ယင်းကုမ္ပဏီ အပါအဝင် ကျောက်မီးသွေး တရားဝင် တူးဖော်ထုတ်လုပ်လျက်ရှိသည့် ကုမ္ပဏီ ၁၀ ခုရှိကြောင်း အစိုးရအဖွဲ့ထံမှ သိရသည်။

ယင်းကုမ္ပဏီများအနေဖြင့် ကလေးဝမြို့နယ်အတွင်း နှစ်စဉ် ကျောက်မီးသွေး တူးဖော်ထုတ်လုပ်မှုအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကျောက်မီးသွေးတန်ချိန် ၂၇၃၃၆၈ တန်၊၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ၃၃၈၅၄၆ တန်နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ၂၀၁၉ ခုနှစ်၊ မတ်လကုန်အထိ ၂၁၄၆၉၁ တန် ထုတ်လုပ်ခဲ့ကြောင်း ဝန်ကြီး ဦးလာလ်ထောင်ထန်း၏ လွှတ်တော်အတွင်း ဖြေကြားချက်အရ သိရသည်။

R-20