News

POST TYPE

HEALTH

မုံရွာတွင် အမျိုးသားတစ်ဦးသေဆုံးမှု ကျူးလွန်သူကို တစ်နှစ်အကြာတွင် ပြန်ဖမ်းမိ
01-May-2019

မုံရွာ၊ မေ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အိုးဘိုတောင်ရပ်၊ ကမ်းနားလမ်းတွင် ယမန်နှစ် သင်္ကြန်ကာလအတွင်းက ဖြစ်ပွားခဲ့သည့် လူသတ်မှုတွင် ကျူးလွန်သူဟု ယူဆရသူကို တစ်နှစ်အကြာ ဧပြီလ၂၈ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း မြို့မစခန်းထံမှ သိရသည်။

ပြစ်မှုကျူးလွန်သူ ရဲနိုင်ဦးကို ဧပြီလ ၂၈ ရက်နေ့က ကန်သာယာတွင် ဖမ်းဆီးရမိခဲ့ပြီး သက်သေခံပစ္စည်းများ သိမ်းဆည်းမိကာ ချုပ်ရက်ရမန်ယူ၍ ဆက်လက်ဆောင်ရွက်နေကြောင်း ယာယီစခန်းမှူး ရဲအုပ်လှိုင်ဘွားကိုကိုက ပြောကြားသည်။

ဖြစ်စဉ်မှာလွန်ခဲ့သည့်နှစ် သင်္ကြန် အတက်နေ့က နွယ်ဝင်းဆိုသူအမျိုးသားသည် ကျန်အဖော်နှစ်ဦးနှင့်အတူ အိုးဘို တောင်ရပ်၊ ကမ်းနားလမ်းအောက်ဘက်၌ မူးယစ်ဆေးဝါး အတူသုံးစွဲရာမှ စကားများ ရန်ဖြစ်ခဲ့ကြောင်း၊ ယင်းသို့ဖြစ်ပွားရာတွင် ရဲနိုင်ဦးတို့ ညီအစ်ကိုနှစ်ဦးက ၎င်းကိုတုတ်ဖြင့်ရိုက်နှက်ကာ ချုံပုတ်အတွင်း သွင်းထားခဲ့ရာမှ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါအမှုကို ကနဦး၌ လူသေမှုအဖြစ် ဖွင့်ထားရာမှ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ (ပ) ၁၈၁၃/ ၂၀၁၈ သို့ ပြောင်းလဲဖွင့်လှစ်ခဲ့ပြီး လူသတ်မှုကျူးလွန်သူကို စုံစမ်းနေရာမှ ယခုအခါ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ ကျန်တိမ်းရှောင်နေသူကိုလည်း ဆက်လက်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့မစခန်းထံမှ သိရသည်။

R-08