News

POST TYPE

HEALTH

အရက်နှင့် အားဖြည့်အချိုရည်များ ရောနှောသောက်သုံးခြင်းကြောင့် ဦးနှောက်ကို ထိခိုက်ဟုဆို
04-Nov-2016

ဝါရှင်တန်၊ နိုဝင်ဘာ ၃

အရက်နှင့် အားဖြည့်အချိုရည်များ ရောနှောသောက်သုံးနေမှုများကို လေ့လာဆန်းစစ်နေသည့် Purdue တက္ကသိုလ်မှ ဆေးဝါးဓာတုဌာန လက်ထောက်ပါမောက္ခ ရစ်ချတ်ဗန်ရင်းဂ်ျက ကြွက်များကို စမ်းသပ်နေရာတွင် ဦးနှောက် ထိခိုက်ပြောင်းလဲမှုများ ဖြစ်နေကြောင်း ထုတ်ဖော်ပြောကြားချက်ကို Fox News သတင်းတွင် ဖော်ပြထားသည်။

အရက်နှင့် အားဖြည့်အချိုရည်ကို တိုက်ကျွေးထားခြင်း ခံထားရသည့် ကြွက်များ၏ ဦးနှောက်အနေအထားသည် ကိုကင်းခေါ် မူးယစ်ဆေးစွဲနေသည့် အနေအထားအတိုင်း ဖြစ်နေကြောင်း ယင်းသတင်းက ဆိုသည်။

လူသားတို့သည် ရင်းအရည်နှစ်မျိုးကို ရောနှောသောက်သုံးခြင်းမှာ ကြွက်များကဲ့သို့ပင် သက်ရောက်ခံစားရမှု ရှိနိုင်ပြီး လူငယ်များကြားတွင် ခေတ်စားနေသည့် ယင်းဓလေ့ကြောင့် ဦးနှောက်တွင် သက်ရောက်မှုများ ရှိနိုင်ကြောင်း ရစ်ချတ်က ပြောကြားသည်။

လူငယ်များကြားထဲတွင် အရက်နှင့် အားဖြည့်အချိုရည် ရောနှောသောက်သုံးမှုသည် ဦးနှောက်ကို ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပွားနိုင်ပြီး အသက်ကြီးလာလေ ထိုအကျိုးဆက်ကို ခံရလေ ဖြစ်နိုင်ကြောင်း ပညာရှင်များက ဆိုသည်။

“အရက်နဲ့ အခြားအားဖြည့် အချိုရည်တွေကို ရောနှောသောက်သုံးခြင်းက ထိခိုက်စေတဲ့ သက်ရောက်မှုတွေ များတယ်။ ကျွန်တော်တို့ အရွယ်ရောက်ပြီးတဲ့ ကြွက်တွေနဲ့ စမ်းသပ်ရာမှာ သူတို့အပြုအမူ အနေအထိုင်တွေ အရင်နဲ့မတူ ပြောင်းလဲဖောက်ပြန်ကုန်တယ်။ သူတို့ ဦးနှောက်ထဲက အာရုံကြောတွေ ပြောင်းလဲကုန်တဲ့အတွက် အဲဒီလို ဖြစ်ကုန်ကြတာ” ဟု ရစ်ချတ်က ရှင်းပြသည်။

အားဖြည့်အချိုရည်များကို ဈေးကွက်များတွင် လူငယ်များသည် ဝယ်ယူသောက်သုံးမှု များနေပြီး ယင်းတို့ အထဲတွင် ကဖိန်းဓာတ် ၁၀ ဆကျော်ကို ပေါင်းစပ်ထားကြောင်း၊ လတ်တလော ရွှင်လန်းမှုကို သာယာနေသော်လည်း ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း ပညာရှင်များက ထုတ်ပြန်ထားသည်။ 

အားဖြည့်အချိုရည်များကို သောက်သုံးခြင်းသည် အသည်းရောင် ရောဂါဝေဒနာကို ခံစားရနိုင်ကြောင်း၊ အသက် ၅၀ နှင့်အထက် လူကြီးများတွင် သောက်သုံးပါက ပိုပြီးဖြစ်နိုင်ခြေများကြောင်း BMJ Case Reports တွင်လည်း ပညာရှင်များ ထုတ်ဖော်ထားချက်ကို CNN သတင်းတွင် ရေးသားထားသည်။

“အားဖြည့်အချိုရည် ဈေးကွက်သည် တစ်နေ့တခြား ကြီးထွားလာသော်လည်း သောက်သုံးနေသူများသည် ယင်း၏ ဘေးထွက်ဆိုးကျိုးများကို သတိမပြုမိကြောင်း၊ ဗီတာမင်နှင့် အာဟာရဓာတ် ပြည့်ဝစေသည်ဆိုတိုင်း မဆင်မခြင် သောက်သုံးနေခြင်းက အဆိပ်အတောက် ဖြစ်စေပြီး အသည်းရောဂါ ဖြစ်ပွားမှုများနှင့် အများဆုံး ဆက်စပ်လာကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။