News

POST TYPE

HEALTH

မြန်မာနိုင်ငံ ဆီးချို၊ သွေးချို ရောဂါအသင်း ဥက္ကဋ္ဌ ဒေါက်တာတင့်ဆွေလတ်နှင့် တွေ့ဆုံခြင်း
02-Nov-2016

လူမှုဘဝ နေထိုင်မှု ပုံမမှန်ခြင်းများကြောင့် ကျန်းမာရေးဆိုင်ရာ ရောဂါ လက္ခဏာများကို ဖြစ်ပေါ်စေလျက်ရှိပြီး ယင်းကဲ့သို့ နေထိုင်မှု ပုံမမှန်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရောဂါများတွင် ဆီးချို၊ သွေးချို ရောဂါသည်လည်း တစ်ခု အပါအဝင် ဖြစ်သည်။ ထို့ကြောင့် ဆီးချို၊ သွေးချို ဖြစ်ပွားမှုများနှင့် ကြိုတင် ကာကွယ်နိုင်မှုများကို သိရှိနိုင်ရန်အတွက် မြန်မာနိုင်ငံ ဆီးချို၊ သွေးချို ရောဂါအသင်း ဥက္ကဋ္ဌ ဒေါက်တာတင့်ဆွေလတ်နှင့် တွေ့ဆုံမေးမြန်း ထားသည်များကို ကောက်နုတ်တင်ပြ အပ်ပါသည်။

Voice : ဆီးချို၊ သွေးချို ရောဂါနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။
Dr.TSL : လူတိုင်းက ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုနေထိုင် စားသောက်ရမလဲပေါ့။ အခုအခါမှာ လူမှုနေထိုင်မှုနဲ့ ဆိုင်တဲ့ရောဂါတွေက ကြောက်ခမန်းလိလိ ဖြစ်ပွားနေတယ်။ ဆီးချို၊ သွေးချို၊ နှလုံးသွေးကြော ကျဉ်း၊ လေဖြတ်၊ ကင်ဆာရောဂါ၊ နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေပေါ့။ လူထုကလည်း ဒါတွေနဲ့ ပတ်သက်ပြီး ဘယ်လို စားသောက် နေထိုင်ရမလဲ သိချင်နေကြတယ်။

Voice : ရောဂါ ဖြစ်ပွားနှုန်း သိလို့ ရနိုင်မလား။
Dr.TSL : ဆီးချို၊ သွေးချိုက မြန်မာပြည်မှာ ၂ဝ၁၄ ခုနှစ်က ပြုလုပ်ထားတဲ့ တစ်ပြည်လုံးနဲ့ ဆိုင်တဲ့ လေ့လာ ဆန်းစစ်ချက်အရဆိုရင် အသက် ၂ဝ ကနေ ၆၅ နှစ်အရွယ်ပေါ့။ လူအယောက် ၁ဝဝ မှာဆိုရင် ၁ဝ ဒသမ ၅ ရာခိုင်နှုန်း တွေ့တယ်။ တော်တော်ကို များတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာ အနေနဲ့ဆိုရင် ၈ ဒသမ ၈ ရာခိုင်နှုန်း ရှိတယ်။ သူတို့ အသက်အရွယ်က ၂ဝ ကနေ ၇၉ နှစ်အထိ ပါတယ်ပေါ့။ ဒါက အပြည်ပြည်ဆိုင်ရာ ဆီးချို၊ သွေးချို အဖွဲ့ချုပ်က ခန့်မှန့်ထားတာ။ မြန်မာပြည် အတွက်ဆို ၆ ဒသမ ၈ ရာခိုင်နှုန်းလောက် ရှိမယ်လို့ ခန့်မှန်းတယ်။ ဆရာတို့ကတော့ မြေပြင် အခြေအနေကို တိုင်းတာတာ ဖြစ်တယ်။ လူဦးရေ ၅ သန်းမှာ ၂ ဒသမ ၅ သန်းဆိုတာ နည်းတဲ့ပမာဏ မဟုတ်ဘူး။ ဒါ့အပြင် ဆီးချို၊ သွေးချို မဖြစ်သေးပေမယ့် ဖြစ်ဖို့ စောင့်နေတဲ့သူက ၁၉ ဒသမ ၇ ရာခိုင်နှုန်း ရှိတယ်။ ဆီးချို၊ သွေးချို ဖြစ်ရင် တစ်ခုတည်းနဲ့ ရပ်နေတာ မဟုတ်ဘူး။ သူ့ကြောင့် နှလုံးသွေးကြောကျဉ်း ရောဂါ၊ လေဖြတ်ရောဂါနဲ့ ကင်ဆာရောဂါတွေ ဖြစ်တယ် ဆိုတော့ ဒါက စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေ ဖြစ်တယ်။

Voice : ဆီးချို၊ သွေးချို ဖြစ်ဖို့ တာစူနေတဲ့ သူတွေက ဘယ်လို ရောဂါလက္ခဏာတွေ ပြနိုင်ပါသလဲ။
Dr.TSL : ဆီးချိုဖြစ်ရင် ဆီးများတယ်၊ ရေငတ်တယ်၊ ရေအများကြီး သောက်တယ်၊ အစား ပုံမှန် စားနေရက်နဲ့ ပိန်သွားတယ်၊ အနာ ပေါက်ရင်လည်း ကျက်ခဲတယ်ပေါ့။ အဲ့ဒီလို လက္ခဏာတွေ ရှိတယ် ဆိုပေမယ့် တချို့သော လူတွေကျပြန်တော့လည်း ရောဂါဖြစ်တာကို မသိဘဲနဲ့ နေနေတတ်တယ်။ ကမ္ဘာပေါ်မှာ ခန့်မှန်းချက်တွေအရ ဆီးချို၊ သွေးချို ဖြစ်တဲ့ ၅ဝ ရာခိုင်နှုန်းက ဖြစ်လို့ဖြစ်မှန်း မသိဘဲ ဖြစ်နေတယ်။ ဖြစ်ဖို့ ကနဦး တာစူနေတဲ့ သူတွေဆို ပိုဆိုးတယ်။ ဘာလက္ခဏာမှ မရှိဘူး။ သွေးဖောက် မစစ်ကြည့်ရင် ဘယ်လိုမှ မသိနိုင်ဘူး။ ဒါပေမဲ့ အဲ့လူတွေက နောက် ၅ နှစ်အတွင်းမှာ ဆီးချို၊ သွေးချိုဖြစ်ဖို့ များတဲ့အပြင် မဖြစ်ခင်ကာလမှာလည်း သာမန် လူထက် ပိုပြီး လေဖြတ်တယ်။ နှလုံး ရောဂါတွေ ဖြစ်တယ်။ ဒါမှမဟုတ် ဘာလက္ခဏာမှ မရှိဘဲ ဖြစ်နေတတ်တယ်။

Voice : ဆီးချို၊ သွေးချို ရောဂါက နောက်ဆက်တွဲ ရောဂါတွေလည်း ဖြစ်နိုင်တဲ့အတွက် ဘယ်လို ကြိုတင် ကာကွယ် နေထိုင်သင့်ပါသလဲ။
Dr.TSL : ဒါက နေ့စဉ် နေထိုင်မှုနဲ့ ဆိုင်တယ်။ အစားအသောက် မှန်ကန်ဖို့ လိုတယ်။ ကိုယ်ကာယ လှုပ်ရှားမှု နည်းပါးတာနဲ့လည်း ဆိုင်တယ်။ နောက်ပြီး ဆေးလိပ်၊ အရက်သေစာ သောက်သုံးတာတွေနဲ့ ဆိုင်တယ်။ အစားအသောက်မှာလည်း အဆီ များလွန်းတာတွေ၊ အငန်ဓာတ်၊ အချိုဓာတ် စားသုံးတာတွေကို လျှော့ဖို့ လိုတယ်။ အချိုဆိုတာက သကြားမှ မဟုတ်ဘူး။ အခုဆိုရင် လူတွေက ရေဆာရင်တောင် ရေမသောက်ကြဘူး၊ အချိုရည်တွေပဲ သောက်ကြတယ်။ နောက် ထမင်းမှာလည်း ကစီဓာတ်က အရမ်းများတဲ့အတွက် ပြန်လည်ဆင်ခြင်ဖို့လိုတယ်။ အငန်စားလို့ သွေးတိုး ဖြစ်တာ သိကြတယ်။ သွေးချို ဖြစ်တာကို မသိကြဘူး။ နောက်တစ်ခုက အဆီတွေ၊ ပြည့်ဝဆီတွေကို မစားသုံးသင့်ဘူး။ အထူးသဖြင့် ကြက်ကြော်တွေ၊ ဘဲကင်တွေရဲ့ အရေပြားတွေပေါ့။ ဘယ်ဆီကိုပဲဖြစ်ဖြစ် ပြန်ပြန်ပြီး ကြော်တဲ့အခါ ဆီတွေက ဓာတ်ပြောင်းသွားတယ်။ အဲ့ဒါကို စားလိုက်ရင် သွေးကြော နံရံတွေမှာ သွားကပ်ပြီးတော့ သွေးကြောတွေကို မာပြီး ကျဉ်းလာစေပါတယ်။ အဲ့အတွက် အစားအသောက် အနေအထိုင်ကို ဆင်ခြင်သင့်တယ်။ ကိုယ်ကာယ လေ့ကျင့်ခန်းက တစ်နေ့ကို မိနစ် ၃ဝ နဲ့ တစ်ပတ်ကို ၅ ရက်လှုပ်ရှားလို့ မိနစ် ၁၅ဝ ရရင်ကို ၅၇ ရာခိုင်နှုန်းလောက် ဒီရောဂါတွေကို ကာကွယ်ပေးပါတယ်။ အစားအသောက် အနေအထိုင်သာ မှန်ကန်ရင် ဆီးချို၊ သွေးချို ရောဂါကို ၇ဝ ရာခိုင်နှုန်းလောက်ထိ ကာကွယ်နိုင်တယ်။ ဆီးချို၊ သွေးချိုဟာ တစ်ကမ္ဘာလုံးမှာ ၄၁၅ သန်း ဖြစ်နေတယ်။ အစားအသောက် အနေအထိုင် မမှန်ကန်ဘူးဆိုရင် ၂ဝ၄ဝ မှာ လူသန်း ပေါင်း ၆၄၂ သန်း ဖြစ်မယ်လို့ ပညာရှင်တွေက မှန်းထားတယ်။

Voice : ဆရာ့အနေနဲ့ ဘာများ ဖြည့်စွက် ပြောချင်ပါသေးလဲ။
Dr.TSL : တစ်ဦးချင်းစီက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် အနေအထိုင်တွေကို သိအောင် လေ့လာပြီး သိတဲ့အတိုင်း ကျင့်ကြံ နေထိုင်ကြဖို့ပေါ့။ အခု အင်တာနက်မှာ မျိုးစုံ ရေးထားတာတွေ ရှိတယ်။ ဒီနေ့ ကော်ဖီ သောက်လို့ ရတယ်ပြော၊ မနက်ဖြန် သောက်လို့မရဘူး ပြောတာတွေကို မယုံဘဲ ခိုင်ခိုင်မာမာ သတင်း အချက်အလက်တွေကိုပဲ ယူပြီးတော့ လိုက်နာပြီး နေထိုင်ဖို့ အကြံပေးချင်ပါတယ်။

Voice : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ

  • VIA