News

POST TYPE

HEALTH

စားသုံးသူကိစ္စများကို မိုဘိုင်းလ် App မှတစ်ဆင့် တိုင်ကြားနိုင်
28-Feb-2019

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

စားသုံးသူများအနေဖြင့် စားသုံးသူဆိုင်ရာ ကိစ္စရပ်များကို မိုဘိုင်းဖုန်းများမှတစ်ဆင့် အက်ပလီကေးရှင်းကို ဒေါင်းလုဒ်ဆွဲရယူကာ တိုင်ကြားမှုများ ပြုလုပ်နိုင်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနထံမှ သိရသည်။

စားသုံးသူရေးရာ ဦးစီးဌာန၏ မိုဘိုင်းလ်အက်ပလီကေးရှင်းကို Play Store တွင် အခမဲ့ ဒေါင်းလုဒ်ဆွဲရယူနိုင်ပြီး ဝယ်ယူသုံးစွဲထားသည့်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ကျေနပ်မှုမရှိပါက လွယ်ကူလျင်မြန်စွာ တိုင်ကြားမှုများ ပြုလုပ်နိုင်ကြောင်း ယင်းဌာနထံမှ သိရသည်။

ယင်းအက်ပလီကေးရှင်းတွင် ဌာနအကြောင်း၊ လုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များ၊ စားသုံးသူရေးရာ ဦးစီးဌာနလိပ်စာများ၊ စားသုံးသူဥပဒေ၊ စားသုံးသူ အကာအကွယ်ပေးရေး ဗဟိုကော်မတီမှ ထုတ်ပြန်ကြေငြာချက်များနှင့် စားသုံးသူများ၏ အခြေခံအခွင့်အရေးများကို ဖော်ပြထားသည်။

“အခုလို အက်ပလီကေးရှင်းကတစ်ဆင့် တိုင်ကြားနိုင်တာ ကောင်းပါတယ်။ ပိုပြီးလွယ်ကူသွားတာပေါ့။ အက်ပလီကေးရှင်းက တိုင်နိုင်တာ ကျယ်ကျယ်ပြန့်ပြန့် သိကြဖို့အတွက် အသိပညာပေးပွဲတွေလည်း လုပ်ပေးဖို့လိုပါတယ်”ဟု စားသုံးသူတစ်ဦးက သုံးသပ်ပြောကြားသည်။

ထို့ပြင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က သုံးစွဲရန်တားမြစ်ထားသည့် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ အိမ်သုံးလျှပ်စစ်နှင့် ဆောက်လုပ်ရေးပစ္စည်းများ၊ ကလေး၊ အသုံးအဆောင်နှင့် ကစားစရာပစ္စည်းများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာများနှင့် အခြားကုန်ပစ္စည်းကိုလည်း ယင်းအက်ပလီကေးရှင်းတွင် ဖော်ပြထားကြောင်း စားသုံးသူရေးရာ ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ အက်ပလီကေးရှင်းတွင် မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ဖော်ပြထားပြီး တိုင်ကြားနိုင်မည့် အခြေအနေများ၊ ကုန်ပစ္စည်းဝယ်ယူပါက စစ်ဆေးရမည့် အခြေခံအချက်များကိုလည်း ထည့်သွင်းဖော်ပြထားကြောင်း ယင်းဌာနထံမှ သိရသည်။

J-11