News

POST TYPE

HEALTH

အခြေခံဥပဒေပြင်ဆင်ချက်ဥပဒေကြမ်း ကြံ့ခိုင်ရေးပါတီ စတင် တင်သွင်းမည်
19-Feb-2019
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈

အခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် NLD ပါတီက ကော်မတီဖွဲ့ရန် တင်သွင်းထားသော်လည်း ကြံ့ခိုင်ရေးပါတီကလည်း ယင်းဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ဥပဒေကြမ်းတစ်ရပ်ကို ယနေ့ (ဖေဖော်ဝါရီ ၁၉) ရက်တွင် တင်သွင်းတော့မည်ဖြစ်သည်။

NLD ပါတီက ယင်းဥပဒေပြင်ဆင်နိုင်ရေးအတွက် အားလုံးပါဝင်သော ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပေးရန် ပြည်ထောင်စုလွှတ်တော်သို့ ဇန်နဝါရီ ၂၉ ရက်ကတင်သွင်း၍ အတည်ပြုထားပြီးနောက် ရက်ပေါင်း ၂၀ ခန့်အကြာတွင် ကြံ့ခိုင်ရေးပါတီက အခြေခံဥပဒေပြင်ဆင်ချက် ဥပဒေကြမ်းကို လက်ဦးမှု ရယူတင်သွင်းခဲ့ခြင်းဖြစ်သည်။

ယင်းဥပဒေပြင်ဆင်နိုင်ရန် ဥပဒေကြမ်းတစ်ရပ်ကို လွှတ်တော်အတွင်းရှိ တပ်မတော်အပါအဝင် ကြံ့ခိုင်ရေးပါတီဝင်တို့နှင့် တိုင်းရင်းသားပါတီဝင်အချို့ စုစုပေါင်း ၁၄၃ ဦးက လက်မှတ်ရေးထိုးတင်ပြထားခြင်းဖြစ်ပြီး ကြံ့ခိုင်ရေးပါတီဝင် ဦးသိန်းထွန်း ( ကျောင်းကုန်းမဲဆန္ဒနယ်) ကတင်သွင်းမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်အစည်းအဝေး အစီအစဉ်များအရ သိရသည်။

NLD ပါတီမှ ကော်မတီတစ်ရပ်ဖွဲ့စည်းရန် အရေးကြီးအဆိုတင်သွင်းစဉ်က ပြင်ဆင်ရေးဥပဒေ လုပ်ထုံးလုပ်နည်းနှင့် မညီညွတ်သောကြောင့် ကန့်ကွက်ကြောင်း တပ်မတော်နှင့် ကြံ့ခိုင်ရေးပါတီဝင်တို့က ဆိုထားသည်။

ပြင်ဆင်ရေးအတွက် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွင်လည်း ဥပဒေကြမ်းတစ်ရပ်ကိုတင်သွင်း၍ ပြင်ဆင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ပါတီတစ်စုတစ်ဖွဲ့မှ ဥပဒေကြမ်းရေးဆွဲ၍ တင်ပြချက်သည် တစ်ပါတီစနစ်ကို ကိုယ်စားပြုသည့်သဘော သက်ရောက်မည်ဖြစ်သောကြောင့် အစုအဖွဲ့အားလုံး ပါဝင်သော ပြင်ဆင်ရေးကော်မတီကို ဖွဲ့စည်းရန် တင်ပြရခြင်းဖြစ်ကြောင်း NLD မှ အဆိုတင်သွင်းသူ ဦးအောင်ကြည်ညွန့်ကဆိုသည်။

လက်ရှိ ကြံ့ခိုင်ရေးပါတီမှ တင်သွင်းလာသည့်ကိစ္စသည် ပြင်ဆင်ရေးအတွက် အပြိုင်တင်သွင်းလာသည့်သဘော ဖြစ်နေသော်လည်း ဥပဒေအရ လက်ခံပြီး ပူးပေါင်းဆွေးနွေးသွားရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကြံ့ခိုင်ရေးပါတီမှ ယခုတင်သွင်းမည့် ပြင်ဆင်ရေးဥပဒေကြမ်းသည် ဒုတိယအကြိမ် ပြင်ဆင်မည့်တင်ပြချက်ဖြစ်ပြီး ပထမအကြိမ်လွှတ်တော်သက်တမ်း (၂၀၁၁-၂၀၁၅) တွင်လည်း ပထမအကြိမ် ပြင်ဆင်ရေးလုပ်ငန်းများ နှစ်နှစ်ကြာပြုလုပ်ခဲ့သည်။

ပထမအကြိမ်ပြင်ဆင်ရေးကိစ္စတွင် တပ်မတော်၏ ထောက်ခံမှုမရှိသည့် အချက်များကြောင့် ပြင်ဆင်ရေးအောင်မြင်မှု မရခဲ့ပေ။ လက်ရှိပြင်ဆင်ရေးကိစ္စများ အပြိုင်တင်သွင်းခြင်းများပြုလုပ်နေသော်လည်း တပ်မတော်အနေနှင့် ထောက်ခံမှု မရှိပါက ပြင်ဆင်မှု အနည်းငယ်သာ အောင်မြင်မှု ရရှိမည်ဖြစ်သည်။

လက်ရှိတင်သွင်းမည့် ကြံ့ခိုင်ရေးပါတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပါ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်တာဝန်ပေးခြင်းနှင့်ဆိုင်သော ပြဋ္ဌာန်းချက်များပါဝင်သည့် ပုဒ်မ၂၆၁ ကို ပြင်ဆင်နိုင်ရန်အတွက်သာ ဥပဒေကြမ်းတစ်ရပ် ရေးဆွဲထားခြင်းဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီဝင်၊ ပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက မီဒီယာများကို ပြောကြားထားသည်။

ပုဒ်မ၂၆၁ သည် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်တာဝန်ပေးရန်အတွက် ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ လက်ရှိပြဋ္ဌာန်းချက်အရ အဆိုပါဝန်ကြီးချုပ်များ ခန့်အပ်ရာတွင် ဗဟိုချုပ်ကိုင်မှုမြင့်မားနေသောကြောင့် တိုင်းရင်းသားများအတွက် မျှတသည့်အခွင့်အရေးများ ရရှိလာစေရန်ရည်ရွယ်ကြောင်း ဦးသောင်းအေးက ပြောသည်။

S-01