News

POST TYPE

HEALTH

တိုင်းနှင့် ပြည်နယ် ၉ ခုတွင် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေ ထူထောင်မည်
02-Feb-2019
မန္တလေး၊ ဖေဖော်ဝါရီ ၂

မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ် ၉ ခုတွင် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများ ထူထောင်မည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဖောင်ဒေရှင်းထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ဆေးလိပ်သောက်သုံးသူနှင့် မသောက်သုံးသူရှိရာတွင် ဆေးလိပ်မသောက်သည့်သူများ အနေဖြင့် တစ်ဆင့်ခံ ဆေးလိပ်ရှုရှိုက်မိခြင်းကို ကာကွယ်နိုင်ရန်အတွက် ထိုသို့ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများ ထူထောင်ရန်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ယင်းဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ပြောကြားသည်။

ယင်းနယ်မြေများကို ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ပဲခူး၊ မွန်၊ ကရင်နှင့် ရှမ်းပြည်နယ်တို့တွင် ယခုနှစ်အတွင်းမှစတင်ပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံခြားသားများလာရောက်သည့်နေရာ၊ ဆေးရုံ၊ ကျောင်း၊ တက္ကသိုလ်များတွင် ဆေးလိပ်သောက်သုံးခြင်းနှင့်ပတ်သက်၍ ဆိုင်းဘုတ်များထောင်ခြင်း၊ အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ခြင်းများပြုလုပ်မည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဖောင်းဒေရှင်းထံမှ သိရသည်။

ဇန်နဝါရီ ၂၉ ရက်နေ့က မန္တလေးမြို့ ရွှေနိုင်ငံ ဟိုတယ်တွင်ပြုလုပ်သော တိုင်းနှင့် ပြည်နယ်များတွင် ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်း သုံးသပ်ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် တိုင်းနှင့် ပြည်နယ် ၉ ခုမှ တာဝန်ရှိသူများက ဆေးလိပ်ကင်းစင်နယ်မြေများ အရှိန်အဟုန်မြင့်ပြုလုပ်ရန်သဘောတူခဲ့ကြသည်။

M-05