News

POST TYPE

HEALTH

ဘုန်းကြီးကျောင်းသို့ ညအိပ်သွားသည့် လူငယ်တစ်ဦး ဓားထိုးခံရ
02-Feb-2019
မိတ္ထီလာ၊ ဖေဖော်ဝါရီ ၂

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် သခွပ်မြင့်ကျေးရွာတွင် ဖေဖော်ဝါရီ ၁ ရက်နေ့ ညပိုင်းက ရွာဦးဘုန်းကြီးကျောင်းသို့ ညအိပ်ရန်သွားရောက်ခဲ့သည့် အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးဓားထိုးခံရ၍ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့ကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ဖြစ်စဉ်မှာ ယင်းနေ့ ညနေ ၆ နာရီခွဲခန့်က သခွပ်မြင့်ကျေးရွာနေ ဦးဝင်းနိုင်သည် နေအိမ်တွင်ရှိနေစဉ် သားဖြစ်သူ မျိုးဆန်းမောင်မှာ ရွာဦးဘုန်းကြီးကျောင်းတွင် ညအိပ်ရန်နေအိမ်မှထွက်သွားပြီးနောက် သားဖြစ်သူ၏သူငယ်ချင်းများဖြစ်သည့် ဇင်ကိုထွေးနှင့် ဘိုရဲတို့က မျိုးဆန်းမောင်ကို တွဲချီပွေ့ခေါ်လာ၍ကြည့်ရှုရာ ၎င်း၏ ဝဲဘက်ခါးအောက်၌ ထိုးသွင်းဒဏ်ရာ (စိုးရိမ်ရ)ဖြင့် အူများထွက်နေသည်ကိုတွေ့ရှိရသဖြင့် မေးမြန်းရာ တစ်ရွာတည်းနေ ဝေဖြိုးအောင် (ခ) ဗိုက်ကားမှ ဓားဖြင့်ထိုးသွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းကိုပြန်လည်ပြောကြားကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

အဆိုပါအမှုကို ရွှေတောင်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အရေးယူအမှုဖွင့်ထားပြီး သခွပ်မြင့် ကျေးရွာနေ ဝေဖြိုးအောင် (ခ) ဗိုက်ကား (၁၈ နှစ်) ကို ဖမ်းဆီးပြီး စစ်ဆေးနေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-01