News

POST TYPE

HEALTH

ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ ရင်ရင်ထွန်းနှင့် တွေ့ဆုံခြင်း
26-Oct-2016

ရင်သားကင်ဆာသည် အမျိုးသမီးများတွင် အဖြစ်များဆုံး ရောဂါ တစ်ခုဖြစ်ပြီး ကြိုတင် ကာကွယ်နိုင်သည့် ဆေးများ မရှိသော်လည်း အမျိုးသမီးများ အနေနှင့် မိမိတို့၏ ရင်သားကို ပုံမှန် စမ်းသပ် စစ်ဆေးခြင်းများ ပြုလုပ်သင့်ကာ သံသယဖြစ်ဖွယ် လက္ခဏာများ တွေ့ရှိ၍ ဆောလျင်စွာ ကုသပါက သက်တမ်းစေ့ နေသွားနိုင်သည့်ရောဂါ တစ်ခုဖြစ်ကြောင်း ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ ရင်ရင်ထွန်းနှင့် The Voice က တွေ့ဆုံမေးမြန်း ခဲ့သည်များကို ကောက်နုတ်ဖော်ပြ အပ်ပါသည်။

Voice : ရင်သားကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေကို ပြောပြပေးပါဦး။
Dr.YYT : ဖြစ်နိုင်ခြေ ရှိတာကတော့ အမျိုးထဲမှာ တစ်ဦးဦး ရင်သားကင်ဆာ ဖြစ်ထားလို့ရှိရင် အဲဒီ အမျိုးသမီးက ဖြစ်နိုင်ခြေ နှစ်ဆ၊ သုံးဆ ပိုများသွားတယ်။ သို့သော်လည်း မျိုးရိုးရှိတဲ့ ရင်သားကင်ဆာက ရင်သားကင်ဆာ ဖြစ်တဲ့သူ ရှစ်ယောက်၊ ကိုးယောက်မှာ တစ်ယောက်ပဲ ရှိတယ်။ ကျန်တဲ့သူက မျိုးရိုးဗီဇ မရှိဘူး။ ဘာလို့ဖြစ်လဲဆိုရင် အမျိုးသမီး ဟော်မုန်းတွေနဲ့ ဆိုင်တယ်။ ဟော်မုန်းတွေ ခန္ဓာကိုယ်ထဲမှာ ထိတွေ့မှုများလေ ပိုပြီး ဖြစ်တယ်။ ၁၂ နှစ်အောက်မှာ ရာသီပေါ်တဲ့သူတွေ၊ သွေးဆုံးတာ နောက်ကျတဲ့ အမျိုးသမီးတွေ၊ အိမ်ထောင် မပြုတာ၊ အိမ်ထောင်ပြုတာ နောက်ကျတယ်၊ သားသမီးယူတာ နည်းတယ်၊ အဲဒီလိုဆိုရင်လည်း အမျိုးသမီး ဟော်မုန်းတွေက အသုံး မပြုတော့ ပိုဖြစ်စေတယ်။ နို့တိုက်တဲ့သူတွေကတော့ ရင်သား ကင်ဆာကို ကာကွယ်နိုင်တယ်။

နောက်တစ်ခု တားဆေးတွေ သုံးတာ။ သောက်ဆေး၊ ထိုးဆေးတွေကို နှစ်ကာလ ကြာရှည်စွာ ဆရာဝန် ညွှန်ကြားချက် မရှိဘဲ သုံးရင်လည်း ဖြစ်နိုင်တယ်။ နောက် အဝလွန်တာပေါ့။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ လေးပုံ တစ်ပုံလောက်တောင် တွေ့လာတယ်။ အဝလွန်ရင် ခန္ဓာကိုယ်မှာ ပိုနေတဲ့ အဆီတွေက အမျိုးသမီး ဟော်မုန်းကို အားပေးအားမြှောက် ပြုတယ်။ ကျန်တာက ဆေးလိပ်၊ အရက် သောက်တာတွေပေါ့။ ဒါတွေက သုတေသန တွေ့ရှိချက်တွေ အရပေါ့။ ဒါပေမဲ့ မည်သည့်ဖြစ်နိုင်ခြေမျှ မရှိဘဲ ဖြေရှင်းလို့ မရဘဲနဲ့ တွေ့နေတဲ့ ရင်သားကင်ဆာတွေလည်း အများကြီး ရှိတယ်။

Voice : ရင်သားကင်ဆာရဲ့ လက္ခဏာတွေ ပြောပြပေးပါဦး။
Dr.YYT : သူက တစ်ခါတလေမှာ ပုန်းနေတယ်။ မတွေ့ဘူး။ သိတဲ့အချိန်ကျတော့ နောက်ကျတယ်ပေါ့။ အများစု သိတာက ရင်သားမှာ အကျိတ် စဖြစ်တာပေါ့။ ၈ဝ ရာခိုင်နှုန်းကတော့ ရိုးရိုး အကျိတ်(အဆီကျိတ်၊ ရေကြည်အိတ်) တွေပါ။ ၂ဝ ရာခိုင်နှုန်းက ကင်ဆာ ဖြစ်နိုင်တယ်။ အကျိတ် တစ်ခုခု မသင်္ကာတာ တွေ့ရင် ဆရာဝန်ပြတာ အကောင်းဆုံးပဲ။ အကျိတ်က ရင်သားမှာတင် မဟုတ်ဘူး။ ချိုင်းမှာလည်း ဖြစ်နိုင်တယ်။  ချိုင်းမှာ စဖြစ်တာ ရှိတယ်။ ရင်သား နှစ်ဖက်စလုံးမှာ နေရာလပ် မကျန်အောင် တစ်လတစ်ကြိမ် စမ်းသင့်တယ်။

နောက် အရေပြား အပြောင်းအလဲပေါ့။ အရေပြားက တစ်နေရာတည်းမှာပဲ ကွက်ပြီးတော့ အရောင် ပြောင်းလာမယ်ဆိုရင်ပေါ့။ အမှတ်တမဲ့နဲ့ အရေပြား ရောဂါလို ထားလိုက်တယ်။ ပိုပြီး ကြီးလာတဲ့အခါမှာ အတွင်းထဲက ကင်ဆာ အကျိတ်တွေကနေ ဆွဲတဲ့အတွက် ရှောက်သီးနဲ့ လိမ္မော်သီး အခွံတွေလို အပေါက် ကလေးတွေနဲ့ ရှုံ့သလို အရေပြား အပြောင်းအလဲ ဖြစ်နိုင်တယ်။ နောက်တစ်ခုက နို့သီးခေါင်းကို ညှစ်ကြည့်ဖို့ လိုတယ်။ ပုံမှန် မဟုတ်တဲ့ အရည်ကြည်တို့၊ သွေးတို့ ထွက်ရင် သံသယဖြစ်ဖွယ် လက္ခဏာ တစ်ခုဖြစ်တယ်။ တစ်ခါတလေ ကျရင်လည်း အကျိတ်လည်း မရှိဘူး။ တစ်နေရာတည်းမှာ တင်းပြီး နာနေတတ်တယ်။ အဲဒါက ပုံမှန် ရာသီလာပြီးရင် ပျောက်သွားရမယ်။ မပျောက်ဘဲ လနဲ့ချီ တင်းပြီး နာနေမယ်။ အထူးသဖြင့် ရင်သား အပေါ်ဘက်နဲ့ အပြင်ဘက် (ချိုင်း) ကို ပိုဂရုစိုက်ဖို့ လိုပါတယ်။

Voice : ရင်သားကင်ဆာရဲ့ နောက်ဆက်တွဲ ဖြစ်ပွားနိုင်တဲ့ အခြေအနေကို ပြောပြပေးပါဦး။
Dr.YYT : စတွေ့ချိန်၊ အရွယ်ကလည်း သေးငယ်တယ်ဆိုရင် အဆင့်တစ်ပေါ့။ နှစ်ကတော့ ချိုင်းအောက် ရောက်သွားရင် အခြားနေရာတွေပါ ပျံ့နှံ့နှုန်း ပိုပြီး များလာပြီပေါ့။ သုံးကတော့ ရင်သားမှာ မျက်စိနဲ့ မြင်တာနဲ့ အကျိတ်က အကြီးကြီးနဲ့ ပွင့်ထွက်ပြီး အနာတွေပါ ဖြစ်နေရင်ပေါ့။ လေးကတော့ သွေးကြောတွေကနေ ပျံ့နှံ့တယ်။ ခန္ဓာကိုယ် တစ်ခုလုံးမှာ သွေးက လည်ပတ်နေတဲ့ အခါကျတော့ တစ်ခါတလေမှာ လေဖြတ်တယ် ဆိုပြီး ဦးနှောက် အာရုံကြော ရောက်တယ်။ ရင်သားကို မစမ်းမိကြဘူး။ အသည်းတို့၊ အဆုတ်တို့ကို ရောက်နိုင်တယ်။ ဒါဆိုရင် ကုရတာ ပိုခက်သွားတယ်။

Voice : ဘယ်လိုမျိုး ပြုမူနေထိုင်ခြင်းနဲ့ ကြိုတင် ကာကွယ်လို့ ရနိုင်မလဲ။
Dr.YYT : ဒါက ကာကွယ်ဆေးလည်း မရှိဘူး။ ရာခိုင်နှုန်းပြည့် ကာကွယ်ဖို့ ခက်တယ်။ ဖြစ်နိုင်ခြေတွေကို ဘယ်လို ရှောင်မလဲပေါ့။ ဟော်မုန်းနဲ့ ပတ်သက်ပြီးကတော့ သားသမီးယူသင့်တယ်။ နို့တိုက်သင့်တယ်။ နောက်ပြီးတော့ မလိုအပ်ဘဲနဲ့ ဟော်မုန်းဆေးတွေ မထိုးသင့်ဘူး၊ မသောက်သင့်ဘူး။ ဒါတွေက ရှောင်လို့ ရတာပေါ့။
အဝလွန်တာကလည်း ကြိုတင် ကာကွယ်လို့ရတယ်။ သက်တမ်းတစ်လျှောက် ခန္ဓာကိုယ်ရဲ့ အလေးချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းထားနိုင်ရင် ကာကွယ်လို့ ရတယ်။ နှစ်နည်း ရှိတယ်။ တစ်ခုက အစားအသောက်ပေါ့။ ရွေးချယ်ပြီးတော့ စားလို့ရတယ်။ အဆီတွေ၊ အကြော်တွေ ရှောင်ဖို့လိုတယ်။ နောက် တစ်ခုက ကိုယ်လက်လှုပ်ရှားမှုပေါ့။ သုတေသနတွေအရဆိုရင် နေ့စဉ် နာရီဝက်လောက် (လေ့ကျင့်ခန်းလုပ်မှ မဟုတ်ဘူး) လမ်း ခပ်သွက်သွက် လျှောက် တာ၊ လှေကားတက်တာတွေ လုပ်သင့်တယ်။ အဲဒီလို ပြုလုပ်ခြင်းကနေ ရင်သားကင်ဆာ ဖြစ်ပွားမှုကို ရာခိုင်နှုန်းတစ်ခုအထိ လျှော့ချနိုင်တယ်။

Voice : လက်ရှိမှာ ရင်သားကင်ဆာ ဖြစ်ပွားနေတဲ့သူတွေကို ဘယ်လိုမျိုး ကုသမှုတွေနဲ့ ကုသပေးနေပါသလဲ။
Dr.YYT : အဓိကတော့ ခွဲစိတ်ပြီး ထုတ်ပစ်တာပေါ့။ အကျိတ်က အသားစယူပြီးတော့ အသားစအဖြေက ရင်သားကင်ဆာလို့ပြောရင် ရင်သား တစ်ခုလုံး ဖြတ်တယ်။ ဒါ့အပြင် မတော်တဆနဲ့ ကျန်ခဲ့မှာ ကြောက်ရင် ဓာတ်ရောင်ခြည်ကို လိုအပ်ရင် ပြဖို့လိုတယ်။ ဒါကလည်း လူတိုင်းတော့ မဟုတ်ပါဘူး။ နောက် ကင်ဆာဆေးသွင်းတာတွေ ရှိပါတယ်။ ဟော်မုန်းနဲ့ သက်ဆိုင်တဲ့အတွက် တချို့က ဟော်မုန်းဆေး ပြန် တိုက်ရတာတွေ ရှိတယ်။ အခု နောက်ပိုင်းမှာတော့ တခြား နောက်ဆုံးပေါ် ကုသနည်းတွေနဲ့လည်း ကုသလို့ ရနိုင်နေပါပြီ။ ဆေးအသစ်တွေကလည်း အများကြီး ပေါ်လာတယ်။

Voice : ဆရာမ အနေနဲ့ ထပ်မံ ဖြည့်စွက် ပြောကြားလိုတာများ ရှိပါသလား။
Dr.YYT : အမျိုးသမီးတွေ အရွယ် ရောက်လာရင် အသက် ၂ဝ လောက်ကစပြီး မိမိရင်သားရဲ့ ပုံစံအနေအထား ဘယ်လိုရှိလဲ ဆိုတာကို ကြည့်ရမယ်၊ စမ်းရမယ်။ မိမိရင်သားကို မိမိဘာသာ စမ်းသပ်လို့ရတဲ့ နည်းတွေ ရှိတယ်။ အင်မတန်မှ လွယ်ကူတယ်။ ရှက်ကြောက်နေဖို့ မရှိဘူး။ တစ်လတစ်ကြိမ်ပဲ စစ်ဖို့လိုတယ်။ ရာသီသွေးပေါ်နေတဲ့ အမျိုးသမီးဆိုရင် ရာသီ သွေးပေါ်ပြီး တစ်ပတ်လောက် နေရင်စစ်ပါ။ သွေးဆုံးသွားတဲ့ အမျိုးသမီးဆိုလည်း ရက်တစ်ရက် သတ်မှတ်ပြီးတော့ စစ်ပါ။ အပြောင်းအလဲ တစ်ခုခု တွေ့လို့ရှိရင် သက်ဆိုင်ရာ ဆရာဝန်ကို မရှက်မကြောက်ဘဲနဲ့ ထိထိရောက်ရောက် ပြပါ။ အခုဆိုရင် ရင်သားကင်ဆာ ကုသပြီး အောင်မြင်ထားတဲ့ သူတွေ ရှိပါတယ်။ ဒါကြောင့် ဖြစ်လာရင် စိတ်ဓာတ်ကျဖို့ မလိုပါဘူး။ စောစောသိဖို့သာ လိုတယ်။ အဲဒီတော့ မိမိရင်သားကို မိမိ ဂရုစိုက်ပါလို့။

Voice : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ

  • VIA