News

POST TYPE

HEALTH

မကွေးတွင် ပိုင်ဆိုင်မှု အထောက်အထားမဲ့မြေများကို ဂရန်ထုတ်ပေးမည်
18-Dec-2018
ချောက်၊ ဒီဇင်ဘာ ၁၈

မကွေးတိုင်းအတွင်းရှိ မြို့ ၄ မြို့နှင့် ကျေးရွာ ၂၅ ရွာတွင်နေထိုင်နေသည့် မြေပိုင်ဆိုင်မှု အထောက်အထားမရှိသည့် မြေများအပေါ်တွင်နေထိုင်နေသူများကို ယခုဘဏ္ဍာနှစ်အတွင်း မြေငှားဂရန်များ ထုတ်ပေးရန်စီစဉ်နေကြောင်း ယင်းတိုင်းလယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာနထံမှသိရသည်။

လတ်တလော အောင်လံ၊ ငဖဲ၊ ကျောက်ထုနှင့် နတ်မောက်မြို့နယ်များတွင် မြေတိုင်းတာမှုများ ကနဦး ပြုလုပ်မည်ဖြစ်ပြီး လတ်တလော ယင်းမြို့နယ် လေးခုမှ အချို့မြို့များတွင်မြေတိုင်းတာမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

“ကျေးရွာမြေငှားဂရန်တွေထုတ် ပေးနိုင်ဖို့အတွက်လည်း တိုင်းအတွင်း ၂၅ မြို့နယ်မှာ တစ်မြို့နယ်တစ်ရွာနှုန်းနဲ့ကျေးရွာ ၂၅ ရွာ တိုင်းတာရေးတွေ စလုပ်နေပါပြီ”ဟု ယင်းဌာနတိုင်းဦးစီးမှူး ဦးဇော်ဝင်းကပြောဆိုသည်။

ကျေးရွာများ၌ ကျေးရွာဝိုင်းသာရှိ၍ နေအိမ်တစ်ဦးချင်း ပိုင်ဆိုင်သည့် အထောက်အထားမရှိသည့်အတွက် ပြဿနာဖြစ်ပေါ်လာပါက ဖြေရှင်းပေးရန်ခက်ခဲနေ၍ မြေပိုင်ဆိုင်ကြောင်း အထောက်အထားအဖြစ် မြေငှားဂရန်များ ထုတ်ပေးခြင်းဖြစ်ကြောင်း၊ ယင်းသို့ထုတ်ပေးပြီးပါက မြေပိုင်ဆိုင်မှုအငြင်းပွားမှုများ ဖြစ်ပေါ်လာပါက စီမံခန့်ခွဲဖြေရှင်းရာတွင် လွယ်ကူမှုရှိသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဒါပေမဲ့ တစ်နှစ်တည်းလည်း အများကြီး လုပ်လို့မရဘူး။ စီမံချက်နဲ့လုပ်ရတာပေါ့”ဟု ဦးဇော်ဝင်းက ဆက်လက်ပြောဆိုသည်။

ကျေးရွာ မြေဂရန်ထုတ်ပေးရန် တိုင်းတာရေးလုပ်ငန်းတွင် လိုအပ်နေသည့် နယ်ခြားဝန်ထမ်း (Demarcation Officer) နှင့် နယ်သတ်ဝန်ထမ်း (Boundary Officer) များ ခန့်ထားပေးရန်တင်ပြထားကြောင်း၊ မူလရွာမြေ၊ တိုးချဲ့မြေ၊ ထပ်မံ တိုးချဲ့ရန်ရည်ရွယ်သည့်မြေများကို Boundary Officer မှ သတ်မှတ်ပေးရပြီး လရ-၃၀ (ခ) ပြန်လျှောက်ကာ မူလရွာမြေနှင့်ပေါင်းစပ်ပေးရကြောင်း ၎င်းကရှင်းပြသည်။

“ခုလောလောဆယ်တော့ ကျွန်တော်တို့ရွာတွေမှာ မြေငှားဂရန်မရှိဘူးပေါ့။ အိမ်ဝိုင်းအနေနဲ့ကတော့ ငုတ်တိုတို့၊ သစ်ပင်တို့နဲ့ သတ်မှတ်ထားတာပေါ့။ စိတ်သဘောထား အခန့်မသင့်လို့ပြဿနာအနည်း အကျဉ်းဖြစ်ပြီဆိုတော့ ဝင်းထရံကာတဲ့ အချိန်သူ့ဘက်ပါတယ်၊ ငါဘက်ပါတယ် ဖြစ်တာပေါ့။ ဒီလိုခတ်လိုက်ရင် တချို့ဆိုရင် လမ်းတွေတောင် ပျောက်သွားတယ်။ မြေငှားဂရန်ထုတ်ပေးတော့ ပိုင်ဆိုင်မှုရတော့ ပိုကောင်းတာပေါ့၊ နယ်ဝေး အလုပ်သွားလုပ်နေသူတွေအတွက်လည်း အိမ်က ကျဉ်းမသွားတော့တာပေါ့”ဟု ရွာငယ်ကန် ကျေးရွာနေ ဦးမြင့်နိုင်က ပြောဆိုသည်။

R-24