News

POST TYPE

HEALTH

မကွေးမြို့နယ်၊ ကြာကန်ကျေးရွာတွင် လူ့အခွင့်အရေးနေ့ ကျင်းပ
10-Dec-2018

မကွေး၊ ဒီဇင်ဘာ ၁၀

ကျေးလက်ဒေသတွင်နေထိုင်သည့် ဒေသခံပြည်သူများ လူ့အခွင့်အရေးများသိရှိနိုင်ရန် အပြည်ပြည်ဆိုင်ရာ လူ့အခွင်းအရေးနေ့အခမ်းအနားကို မကွေးမြို့နယ် ကြာကန်ကျေးရွာတွင် ယနေ့ (ဒီဇင်ဘာ ၁၀ ရက်) ကျင်းပခဲ့ကြောင်း အဆိုပါပွဲကိုဦးဆောင်သူ ဦးဇော်မင်းထိုက်က ပြောကြားသည်။

အဆိုပါအခမ်းအနားသို့ မကွေးမြို့နယ်အတွင်းရှိ ညောင်ကန်တိုက်နယ်နှင့် ကံပြားတိုက်နယ်အတွင်းရှိ ကျေးရွာ(၁၃)ရွာမှ ဒေသခံပြည်သူ ၁၀၀၀ကျော် တက်ရောက်ခဲ့ကြောင်း ယင်းကဆိုသည်။

“မြို့ပေါ်နေ ပြည်သူတွေအတွက် အထောက်အပံ့ပေးမယ့် အဖွဲ့အစည်းတွေ များပေမယ့်၊ ကျေးရွာတွေမှာ မရှိဘူး။ ကျေးလက်နေပြည်သူတွေကို နား၊ မျက်စိတွေဖွင့်ပေးချင်လို့ ဒီပွဲကိုလုပ်တာပါ။ နောက်နောင်မှာလည်း ကျေးလက်နေပြည်သူတွေအရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး အခွင့်အရေးတွေ ရအောင်လုပ်ပေးချင်ပါတယ်”ဟု ဦးဇော်မင်းထိုက်က ဆိုသည်။

အဆိုပါပွဲသို့ တက်ရောက်ခဲ့သဖြင့် လူ့အခွင့်အရေးနှင့်ပတ်သက်သည့် ဗဟုသုတများရရှိခဲ့ပြီး၊ လူတိုင်းတွင် မွေးဖွားချိန်မှ သေဆုံးချိန်အထိ အခွင့်အရေးများရှိကြောင်း သိလာခဲ့သည်ဟု မကွးမြို့နယ် ပုဂံမျှော်ကျေးရွာမှ ဒေါ်ချိုချိုခိုင်က ပြောသည်။

“အရင်က ကျန်းမာရေးနဲ့ပတ်သက်လို့ ဆေးရုံသွားပြတဲ့အခါ ပိုက်ဆံပေးရတယ်လို့ သိရတယ်။ အခု ဒီပွဲတက်လိုက်တော့ ပိုက်ဆံမပေးရဘူးဆိုတာ သိလာရတယ်။ ပိုက်ဆံ ရှိရှိ၊ မရှိရှိ ဆေးရုံတက်ရတယ်ဆိုတဲ့ လူ့အခွင့်အရေးကို သိရတယ်”ဟု ယင်းကပြောဆိုသည်။

ထိုအပြင် ကျေးလက်ဒေသများတွင် ရေမရရှိခြင်း၊ မီးမရရှိခြင်းနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများက လူနေအိမ်များအတွင်းမှ ဖြတ်သန်းဖောက်လုပ်ခြင်းစသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ ကျေးရွာများတွင်ရှိနေကြောင်း ဒေါ်ချိုချိုခိုင်က ဆိုသည်။

ကျေးရွာများ၌ သတင်းအချက်အလက်ရရှိမှုနှင့် ဖွံ့ဖြိုးရေးအခွင့်အလမ်းများ နည်းပါးနေသဖြင့် လူ့အခွင့်အရေးချိုး ဖောက်ခံရမှုများရှိနေကြောင်း ကျေးလက်မြေအဖွဲ့မှ ဒါရိုက်တာ မမူစဲက ပြောသည်။

လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ကျေးရွာနေပြည်သူတွေ သိအောင်၊ အခွင့်အရေးချိုးဖောက်ခံရရင် သိအောင်နဲ့ တိုင်တန်းတက်အောင် ဒီပွဲကို လုပ်ဖြစ်တာပါ။ ဒေသခံအာဏာပိုင်တွေအနေနဲ့လည်း လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ကိစ္စနဲ့ဖြစ်ဖြစ် ပညာပေးမြှင့်တင်ရေးအတွက် ဒေသလူထု အခြေပြုတာတွေအတွက် ပူးပေါင်းလုပ်ဆောင်ဖို့ ရည်ရွယ်ပါတယ်”ဟု မမူစဲက ပြောပြသည်။

အဆိုပါပွဲတွင် လူ့အခွင့်အရေးနှင့်သက်ဆိုင်သည့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ကျပန်းစကားပြောပွဲများပြုလုပ်ခြင်း၊ အကနှင့် တေးဆိုပွဲများပြုလုပ်ခဲ့ကြသည်။

R-23