News

POST TYPE

HEALTH

အသက် ၄ဝ ကျော်လျှင် ရင်သားကင်ဆာဖြစ်နှုန်း ပိုများ
19-Oct-2016


ရန်ကုန်၊ အောက်တိုဘာ ၁၈

အမျိုးသမီးများတွင် အသက် ၄ဝ ကျော်လာသည်နှင့်အမျှ ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်း ပိုမို များပြားလာကြောင်း ခွဲစိတ်အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာမြင့်မြင့်ခိုင်က ပြောကြားသည်။ 

ရင်သားကင်ဆာကြောင့် သေဆုံးမှုနှုန်းသည် အာရှတွင် အင်ဒိုနီးရှားနိုင်ငံက ပထမ အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံက နံပါတ် ငါးနေရာတွင် ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ကင်ဆာရောဂါ အမျိုးမျိုးအနက် ရင်သားကင်ဆာသည် အဖြစ်အများဆုံး ကင်ဆာရောဂါ တစ်ခုဖြစ်ကြောင်း ၂ဝဝ၈ ခုနှစ် ဆန်းစစ်ချက်များအရ သိရသည်။ 

“ကိုယ့်ရဲ့ ဆွေမျိုးသားချင်းထဲမှာ ဖြစ်ဖူးတယ်ဆိုရင် ကိုယ့်မှာလည်း ဖြစ်နိုင်ခြေ များပါတယ်။ နောက် ရင်သား တစ်ဖက်မှာ ဖြစ်ခဲ့ရင်လည်း ကျန်တစ်ဖက်မှာ ဖြစ်နိုင်တယ်။ နောက် မျိုးရိုးဗီဇ ပြောင်းလဲမှုတွေရှိရင် ဖြစ်နိုင်ခြေက ၈ဝ ရာခိုင်နှုန်းအထိ မြင့်တက်သွားပါတယ်”ဟု ပါမောက္ခ ဒေါက်တာမြင့်မြင့်ခိုင်က ရှင်းပြသည်။ 

ရင်သားကင်ဆာသည် အမျိုးသမီးများတွင်သာမက အမျိုးသားများတွင်လည်း ဖြစ်တတ်သော်လည်း ဖြစ်ပွားမှုနှုန်းမှာ နည်းပါးကြောင်း၊ ယင်းရောဂါသည် ကြိုတင် ကာကွယ်၍ မရနိုင်သဖြင့် ရောဂါဖြစ်ပွားသည်ကို စောစီးစွာ တွေ့ရှိပြီး ကုသမှုခံယူခြင်းသည်သာ အကောင်းဆုံး ကာကွယ်နည်း ဖြစ်ကြောင်း၊ သို့မှသာ သေဆုံးမှုနှုန်းကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ရင်သားကင်ဆာရောဂါသည် သန္ဓေတားဆေးသုံးခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဟော်မုန်းအစားထိုး ကုသမှုခံယူသူများတွင် ဖြစ်ပွားနိုင်ပြီး ယင်းသို့ဖြစ်ပွား လာပါက ခွဲစိတ်ကုသခြင်း၊ ဆေးသွင်းကုသခြင်း၊ ဓာတ်ရောင်ခြည် ကုသခြင်းနှင့် နောက်ဆုံးပေါ် မျိုးရိုးဗီဇ ကုထုံးများဖြင့်လည်း ကုသနိုင်ကြောင်း၊ ကျန်းမာရေးနှင့် မညီညွတ်သည့် ဘဝနေထိုင်မှုများကြောင့် မည်သည့် ကင်ဆာရောဂါမျိုးမဆို ဖြစ်ပွားနိုင်ပြီး ကိုယ် လက် လှုပ်ရှားမှု နည်းသူများနှင့် ဆေးလိပ်၊ အရက်သေစာ သောက်စားသူများတွင် ဖြစ်နိုင်ကြောင်း ၎င်းက ပြောကြားသည်။


  • VIA