News

POST TYPE

HEALTH

မန္တလေးတက္ကသိုလ် ကွန်ပျူတာ သိပ္ပံပညာဌာန မဟာတန်းဖွင့်ပေးရန် ကျောင်းသာများတောင်းဆို
19-Nov-2018
ရန်ကုန်၊ နိုဝင်ဘာ ၁၉

အထက်မြန်မာပြည် မန္တလေးတက္ကသိုလ် ကွန်ပျူတာ သိပ္ပံပညာဌာန၌ ဆရာအင်အား တိုးမြှင့်ခန့်ထား၍ မဟာတန်းဖွင့်ပေးရန် ယင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ပညာရေးဝန်ကြီးထံ နိုဝင်ဘာ ၁၈ ရက်က တောင်းဆိုလိုက်သည်။

မန္တလေးတက္ကသိုလ်အနေနှင့် ဘာသာရပ် ၂၄ ခုရှိသည့်အနက် ကွန်ပျူတာ သိပ္ပံပညာဌာနနှင့် ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာမှုပညာဘာသာရပ် ၂ ခုသာ မဟာတန်းဖွင့်ရန် ကျန်ရှိနေကြောင်း မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂထံမှ သိရသည်။

ကွန်ပျူတာ သိပ္ပံပညာဌာနတွင် မဟာတန်းဖွင့်နိုင်ရန် ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ယခုနှစ် ဇန်နဝါရီလတွင် ပညာရေးဝန်ကြီးဌာနသို့ တင်ပြခဲ့ပြီးဖြစ်သော်လည်း လက်ရှိတွင် အဆိုပါဌာန၌ ဆရာ၊ ဆရာမ ၆ ဦးခန့်သာ ရှိသဖြင့် မဖွင့်နိုင်သေးခြင်းဖြစ်သည်။

ထို့ကြောင့် မန္တလေးတက္ကသိုလ် ကွန်ပျူတာသိပ္ပံပညာဌာန၌ ယခုနှစ်မှစ၍ မဟာတန်းဖွင့်လှစ်နိုင်ရေး ဆရာအင်အား တိုးမြှင့်ခန့်ထားရန် ကျောင်းသားသမဂ္ဂက ပညာရေးဝန်ကြီးထံ စာတင်တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ယင်းသမဂ္ဂက္ကဋ္ဌ မယမင်းသူက “အစတည်းက Master တန်းမဖွင့်ဘူးလို့ ကြေညာထားရင် ရန်ကုန်တက္ကသိုလ်မှာ (မဟာတန်း) ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်ထားလို့ရသေးတယ်။ အခုက သူတို့အတွက် အချိန်လည်း မရှိတော့ဘူး။ အဲဒီအတွက် သူတို့အားလုံးက ရန်ကုန်တက္ကသိုလ်ကို (မဟာတန်း) သွားတက်နိုင်မှာ မဟုတ်ဘူး”ဟု ပြောကြားသည်။

မဟာတန်းဖွင့်လှစ်နိုင်ရေး အဆင့်မြင့်ပညာဦးစီးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခွင့် တောင်းခံထားဆဲဖြစ်ကြောင်း မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ဆိုသည်။

မန္တလေးတက္ကသိုလ်တွင် ကွန်ပျူတာသိပ္ပံပညာဌာန၌ မဟာတန်းတက်ရန် ကျောင်းသား၊ ကျောင်းသူ ၁၃ ဦးရှိပြီး ၎င်းတို့သည် အလုပ်လုပ်ရင်း ကျောင်းတက်ရန် စောင်းဆိုင်းနေခြင်းဖြစ်သဖြင့် မဟာတန်းမဖွင့်ပါက ကျောင်းသား၊ ကျောင်းသူများအတွက် နစ်နာမှုများရှိကြောင်း မယမင်းသူက ဆိုသည်။

J-19