News

POST TYPE

HEALTH

အစာစားသုံးမှုပုံစံစစ်တမ်း ထုတ်ပြန်မည်
13-Nov-2018


ရန်ကုန်၊ နိုဝင်ဘာ ၁၃

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အာဟာရဖွံ့ဖြိုးကျန်းမာသန်စွမ်းရေးအတွက် တိုင်းနှင့် ပြည်နယ်များတွင် ကောက်ယူထားသည့် မြန်မာနိုင်ငံ အဏုအာဟာရနှင့် အစာစားသုံးမှု ပုံစံစစ်တမ်းကို ဒီဇင်ဘာလတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါစစ်တမ်း၏ စာရင်းကောက်လုပ်ငန်းများကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၈ ခုနှစ် မေလအတွင်း ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံရှိ လူထုအတွင်း ဖြစ်ပေါ်နေသည့် အာဟာရအခြေအနေကို တိကျမှန်ကန်စွာ ပြသပေးနိုင်မည့်စစ်တမ်းဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲထံမှ သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အမျိုးသားအဆင့် အာဟာရဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်သောကြောင့် အာဟာရဆိုင်ရာလုပ်ငန်းများကို အရှိန်ဟုန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်သည့်အပြင် ပြည်ထောင်စုဝန်ကြီးဌာနများ ပူးပေါင်းပါဝင်သည့် Multi-Sedtoral National Plan of Action on Nutrition ကို အကြမ်းရေးဆွဲထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

“ကောက်ယူထားတဲ့ သွေး၊ ဆီး၊ ဝမ်းနမူနာတွေကို ဓာတ်ခွဲစစ်ဆေးတာပါ”ဟု အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲမှ ဒေါက်တာလွင်မာလှိုင်ကဆိုသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံး အာဟာရဖွံ့ဖြိုးကျန်းမာသန်စွမ်းရေးအတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း ယင်းလုပ်ငန်းနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများအနေနှင့် အမျိုးသားအဆင့် ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းများအဖြစ် လမ်းညွှန်မှုများပေးခဲ့သည်။

ထို့ပြင် အာရှပစိဖိတ်ဒေသအတွင်း အသက်ငါးနှစ်အောက် ကလေးများ သေဆုံးရခြင်း၏ ၅၃ ရာခိုင်နှုန်းသည် အာဟာရချို့တဲ့မှုများနှင့် ဆက်နွှယ်နေကြောင်း နိုင်ငံတကာ သုတေသနရလဒ်များတွင် ဖော်ပြထားပြီး မြန်မာနိုင်ငံ၏ ကလေးငယ် သုံးပုံတစ်ပုံသည် အာဟာရချို့တဲ့ခြင်းကြောင့် ပုညှက်လျက်ရှိကြောင်း စစ်တမ်းများတွင် ဖော်ပြထားသည်။

J-12