News

POST TYPE

HEALTH

ဧရာဝတီတိုင်းအစိုးရအဖွဲ့ဟောင်းပေးရန် ကျန်သည့် ၅ဒသမ၂ဘီလီယံကို နှစ်လအတွင်း အပြီးအပြတ်ပြန်ပေးရန် အကြောင်းကြား
16-Oct-2018
ပုသိမ်၊ အောက်တိုဘာ ၁၅

ဧရာဝတီတိုင်းအစိုးရအဖွဲ့ဟောင်းအနေနှင့် ပေးရန်ကျန်သည့် ရန်ပုံငွေ ၅ ဒသမ ၂ ဘီလီယံကို နှစ်လအတွင်း ငွေသားဖြင့် အပြီးအပြတ်ပြန်ပေးရန် လက်ရှိ ဧရာဝတီတိုင်းအစိုးရက ယနေ့(အောက်တိုဘာ ၁၅ ရက်) အကြောင်းကြားခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ယင်းငွေများကို လွှဲပြောင်းယူထားသည့် ယခင်တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများဦးဆောင်ပါဝင်သော ဧရာဝတီပညာ၊ ကျန်းမာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းသို့ အကြောင်းကြားထားခြင်းဖြစ်ကြောင်း တိုင်းအစိုးရထံမှ သိရသည်။

ဘဏ်လက်ကျန်ငွေ ၃ဘီလီယံကျော်နှင့် လုပ်ငန်းရှင်များဖြင့် အကျိုးတူရင်းနှီးမြှုပ်နှံထားသည့် တစ်ဘီလီယံကျော်ကို တစ်လ(ရက် ၃၀)အတွင်း၊ ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့်သုံးထားသည့် ကျန်ငွေများကို နှစ်လ(ရက် ၆၀)အတွင်း ပြန်ပေးရမည်ဖြစ်သည်။

လက်ရှိ တိုင်းအစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးဌေးဝင်းက "စာရင်းစစ်ရဲစစ်ဆေးပေါ်ပေါက်ချက်အရ ကျပ် ၅ ဒဿမ ၂ ဘီလီယံကိုပေးဖို့ပါ။ သတ်မှတ်ရက်(ယခုလ ၁၉ရက်)အတွင်း အကြောင်းပြန်ခြင်းမရှိရင် ဥပဒေအရဆက်ဆောင်ရွက်မယ်။ ဒီငွေတွေက ထပ်ဆင့်ရတဲ့ ဘဏ်အတိုးနှုန်းတွေတော့ တွက်ချက်မှုမှာမပါပါဘူး" ဟု ပြောသည်။

ယင်ခင် တိုင်းအစိုးရအဖွဲ့ နယ်စပ်ရေးရာဝန်ကြီးဟောင်း ဦးမောင်မောင်ဝင်းက လွဲပြောင်းပေးရမည့် ၅ ဒသမ၂ ဘီလီယံအနက် ၃ဒသမ၄၉ဘီလီယံကို AYA ၊AGD၊ UAB၊ A Bank တို့တွင်အပ်ထားပြီး ၁ဒသမ၂၇ဘီလီယံကို လုပ်ငန်းရှင် ၈ဦးဖြင့် အကျိုးတူ ရင်းနှီးမြုပ်နှံထားကြောင်း ယခင်နှစ် မေလဆန်းကလုပ်သည့် သတင်းစာရှင်းပွဲတွင် ပြောခဲ့သည်။

ထို့ပြင် ပညာရေးအတွက် ကျပ် သိန်း ၅၀၀ ကျော် ၊ ရေဘေး လေဘေး ကျန်းမာရေးတို့တွင် ကျပ်သိန်း ၅၀၀ ကျော် လျူဒါန်းထားကြောင်း ဘဏ်တိုးနှင့်အကျိုးတူလုပ်ငန်းများက တစ်နှစ်လျှင် ကျပ် သိန်း ၄၀၀ မှ ၅၀၀ ခန့်ရကြောင်း ယင်းဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌလည်းဖြစ်သူ ဦးမောင်မောင်ဝင်းက ပြောထားသည်။

R-12