News

POST TYPE

HEALTH

ကုန်ပစ္စည်းအုပ်စု ကိုးမျိုး၌ မြန်မာဘာသာအညွှန်း ထည့်သွင်းရမည့် အမိန့်ကြော်ငြာစာထုတ်မည်
09-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၈

အစားအသောက်များ အပါအဝင် ကုန်စည်ပစ္စည်းကိုးမျိုးတွင် မြန်မာဘာသာဖြင့် အညွှန်းစာသားများ ထည့်သွင်းဖော်ပြရမည့် အမိန့်ကြော်ငြာစာကို ယခုအောက်တိုဘာလအတွင်း ထုတ်ပြန်မည်ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာန (နေပြည်တော်) ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူးက ပြောကြားသည်။

“မကြာခင်ရက်ပိုင်းအတွင်း ထုတ်ပြန်မယ်”ဟု ၎င်းကဆိုသည်။

အမိန့်ကြော်ငြာစာပါ ဦးစားပေးကုန်စည်များမှာ အစားအသောက်များ၊ အိမ်သုံးပစ္စည်းများ၊ ကလေးအသုံးအဆောင်ပစ္စည်းများ၊ ဆက်သွယ်ရေးသုံးပစ္စည်းများ၊ လူသုံးကုန်များ၊ ဆေးဝါးနှင့် ဖြည့်စွက်စာများ၊ ဓာတုဗေဒပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းကိရိယာများ ပါဝင်ပြီး ၎င်းပစ္စည်းများအပေါ်တွင် မြန်မာဘာသာဖြင့်ဖော်ပြရာတွင် သုံးစွဲပုံအညွှန်း၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ ဘေးထွက်ဆိုးကျိုးများကို ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ၆ လပြည့်သည့်နေ့မှစတင်ကာ ဖော်ပြပါကုန်စည်များအနေနှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက စားသုံးသူ ကာကွယ်ပေးရေး ဥပဒေအရ အရေးယူမည်ဖြစ်ပြီး အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီးနောက် ထပ်မံ ထည့်သွင်းရန်လိုအပ်သည့် ကုန်စည်များ ရှိလာပါကလည်း ထုတ်ပြန်မည်ဖြစ်ကြောင်း ယင်းဌာန၏ အချက်အလက်များတွင် ဖော်ပြထားသည်။

“အရေးယူတဲ့အပိုင်း နှစ်ပိုင်းရှိမယ်။ လုပ်ငန်းလိုင်စင်သိမ်းတာ၊ ဥပဒေအကြောင်းအရ အရေးယူတာ၊ တရားစွဲဆိုတာတွေရှိမယ်။ ထောင်ဒဏ်၊ ငွေဒဏ်ပေါ့။ ဒီဥပဒေက စားသုံးသူတွေကို ကာကွယ်ပေးဖို့ပါ”ဟု ဦးဆွေတင့်ကြူးက ဖြည့်စွက်ပြောကြားသည်။

J-12