News

POST TYPE

HEALTH

ပုသိမ်တက္ကသိုလ်သို့ သွားတက်ရန် ယာဉ်ခက်ခဲနေသူများကို တိုင်းအစိုးရကူညီမည်
04-Oct-2018

ပုသိမ်၊ အောက်တိုဘာ ၃

ဧရာဝတီတိုင်း ပုသိမ်မြို့ရှိ တက္ကသိုလ်အသီးသီးသို့ တက်ရောက်နေကြသည့် ကန်ကြီးထောင့်မြို့မှ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ ကြုံတွေ့နေရသည့် ယာဉ်အခက်အခဲများကို တိုင်းအစိုးရအဖွဲ့က ကူညီဖြေရှင်းပေးမည်ဖြစ်ကြောင်း လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

“ကန်ကြီးထောင့်မြို့က မိဘတွေနဲ့ ကျောင်းသူကျောင်းသားတွေရဲ့ တင်ပြချက်တွေလည်း လက်ခံရရှိထားပြီး ဖြစ်ပါတယ်၊ သက်ဆိုင်ရာဌာနတွေနဲ့ မော်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကော်မတီ (မစက) အဖွဲ့တွေကို ကွင်းဆင်းစစ်ဆေးစေပြီး တွေ့ရှိလာတဲ့ တွေ့ရှိချက်တွေ၊ သုံးသပ်ချက်တွေအပေါ် မူတည်ပြီးတော့ တိုင်း ဒေသကြီးအစိုးရအဖွဲ့က ကူညီဆောင် ရွက်မှုတွေပေးသွားမှာဖြစ်ပါတယ်”ဟု ဝန်ကြီးက ပြောကြားသည်။

ကန်ကြီးထောင့်မြို့သည် ပုသိမ်မြို့နှင့် ၁၅ မိုင်ခန့်သာ ကွာဝေးပြီး တက္ကသိုလ်တက်ရောက်ရန်အတွက် အသွားအပြန်ကို ပုသိမ်-ကန်ကြီးထောင့်ပြေးဆွဲနေသည့် လိုင်းကား၊ သုံးဘီးဆိုင်ကယ်ယာဉ်လိုင်းများကို အားထားနေရရာတွင် အသွားအပြန် ကားခမတတ်နိုင်ခြင်း၊ ပုသိမ်-ကန်ကြီး ထောင့်ပြေးဆွဲနေသည့် ယာဉ်လိုင်းများမှာ စည်းကမ်းမရှိခြင်း၊ ကျောင်းသား၊ ကျောင်းသူများကို တင်ဆောင်ခြင်းမရှိဘဲ မောင်းထွက်ခြင်းဟူသည့်အခက်အခဲများဖြင့် ရင်ဆိုင်နေရကြောင်း ကျောင်းသားကျောင်းသူများထံမှ သိရသည်။

“ပုသိမ်မှာ အဆောင်နဲ့ထားနိုင်မလား၊ မထားနိုင်ရင် ကိုယ်ပိုင်ဆိုင်ကယ်နဲ့တက်နိုင်မလား၊ အဲဒါတွေ အဆင်မပြေလို့ လိုင်းကားနဲ့ တုတ်တုတ် (သုံးဘီးဆိုင်ကယ်) နဲ့ အသွားအပြန်ကျောင်းတက်ရမယ်ဆို ကားခက အသွားအပြန် ၁၀၀၀ ကျတယ်၊ အခန့်မသင့်ရင် ၁၅၀၀၊ ၂၀၀၀ ကုန်တယ်၊ ကန်ကြီးထောင့်က ပုသိမ်တက္ကသိုလ်နဲ့ အနီးဆုံးမြို့ ဖြစ်နေပေမယ့် အခက်အခဲအတော်ဖြစ်တယ်” ဟု ကန်ကြီးထောင့်မြို့မှ မိဘတစ်ဦးက ရှင်းပြသည်။

R-11