News

POST TYPE

HEALTH

စက်သုံးဆီဈေးမြင့်၍ ရေသွင်းကိုင်းစိုက်ပျိုးမှု လျှော့မည်
12-Sep-2018
ဟင်္သာတ၊ စက်တင်ဘာ ၁၁

မြစ်ဝကျွန်းပေါ်ဒေသရှိ ကိုင်းစိုက်ခင်းများ၏ စိုက်ပျိုးရေလိုအပ်ချက်အရ စက်သုံးဆီကို အားထားအသုံးပြုနေရသဖြင့် လက်ရှိမြင့်တက်နေသည့် စက်သုံးဆီဈေးကြောင့် အရှုံးပေါ်နိုင်ရာ စိုက်ပျိုးမှုဧက ထက်ဝက်လျှော့ချရန်စီစဉ်နေကြကြောင်း ကိုင်းစိုက်တောင်သူအများစုက ပြောကြားသည်။

စိုက်ပျိုးရေလိုအပ်ချက်အရ ကိုင်းစိုက်ခင်းတစ်ဧကလျှင် ဒီဇယ်စက်သုံးဆီ ၁၀ ဂါလန် အနည်းဆုံးအသုံးပြုရကြောင်း၊ ယခင်နှစ်များထက် သုံးပုံနှစ်ပုံ ဒီဇယ်ဈေးမြင့်လာခြင်းကြောင့် လုပ်ငန်းတွက်ခြေမကိုက်ဘဲ အခက်တွေ့နေရကြောင်း တောင်သူများထံမှ သိရသည်။ 

ဟင်္သာတမြို့နယ်တွင် ဒီဇယ်တစ်ဂါလန်လျှင် ၄၆၃၇ ကျပ်၊ ဂါလန် ၅၀ ဆံ့ တစ်ပီပါလျှင် ကျပ်တစ်သိန်းတစ်သောင်း ကိုးထောင်ကျော်ပေါက်ဈေးရှိကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။ 

မြစ်ဝကျွန်းပေါ်ဒေသ ဟင်္သာတခရိုင်၊ မအူပင်ခရိုင်နှင့် မြောင်းမြခရိုင်တို့တွင် ကိုင်းစိုက်ခင်းများ အများအပြားရှိနေသည်။ 

ဧရာဝတီတိုင်းတွင် ၂၀၁၈- ၂၀၁၉ ခုနှစ်အတွင်း ကိုင်းစိုက်ခင်းဧက ၃၀၅,၇၄၂၊ မိုးစပါးလျာထားဧက ၃,၇၅၅,၀၀၂ နှင့် နွေစပါး ဧက ၁,၃၄၁,၈၇၅ စိုက်ပျိုးမည်ဖြစ်ပြီး စိုက်ပျိုးမှုအတိုး၊ အလျော့ရှိနိုင်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ 

စက်သုံးဆီဈေးနှုန်း မြင့်တက်နေသည့်အပြင် မျိုးစေ့ဈေး၊ သွင်းအားစု ဓာတ်မြေဩဇာမြေဆီဈေးနှုန်းများကပါ မြင့်တက်နေသည့်အတွက် အစေ့ထုတ် ပြောင်းဈေးကွက်၊ ငရုတ်သီးဈေးကွက်တို့တွင် အမြင့်ဈေးဖြင့် ရောင်းချရသည့် အကျိုးအမြတ်ကို တောင်သူများကရရှိမည်မဟုတ်ကြောင်း၊ စက်သုံးဆီဈေးပြန် လည်ကျဆင်းမှသာလျှင် စိုက်ပျိုးရေးလုပ်ငန်းများ တိုးမြှင့်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ဇလွန်မြို့နယ်မှ ကိုင်းစိုက်တောင်သူတစ်ဦးဖြစ်သည့် ဦးကြည်ခင်က ပြောကြားသည်။

ထို့ပြင် ယခင်နှစ်မြစ်ရေမြင့်တက်မှုကို မမီခြင်းကြောင့် သီးနှံစိုက်ခင်းများတွင် ဖျက်ပိုးမွှားများလည်း ပိုမိုပေါများလာနိုင်ရာ စက်သုံးဆီအပါအဝင် မြေဩဇာဈေးနှုန်းများမှာ မြင့်တက်နေခြင်းကြောင့် စိုက်ပျိုးမှုတွင် အခက်အခဲရှိနိုင်ကြောင်း၊ ယင်းကြောင့် စက်သုံးဆီဈေးကွက်ကို အမြန်ထိန်းသိမ်းပေးနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ပေးသင့်ကြောင်း မအူပင်ခရိုင် ကိုင်းစိုက်တောင်သူ ဦးအောင်ထက်က သုံးသပ်ပြောဆိုသည်။

R-13


  • VIA