News

POST TYPE

HEALTH

တောင်ဥက္ကလာပတွင် အမျိုးသမီးတစ်ဦး ဓားထောက် မုဒိမ်းကျင့်ခံရ
10-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၉

တောင်ဥက္ကလာပမြို့နယ်၊ (၁၃) ရပ်ကွက်တွင် စက်တင်ဘာလ ၈ ရက် နံနက် ၁ နာရီခန့်က နေအိမ်အတွင်း အိပ်ပျော်နေသည့် အသက် ၂၀ နှစ် အမျိုးသမီးကို အမျိုးသားတစ်ဦးက ဓားဖြင့်ထောက်၍ မုဒိမ်းပြုကျင့်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

သားမယားအဖြစ် အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးမှာ မိဘညီအစ်ကို မောင်နှမများနှင့်အတူ နေထိုင်သူဖြစ်ပြီး ယင်းညက ၎င်းမှာ မီးဖိုချောင်အခန်းတွင် အိပ်ပျော်နေချိန် အမျိုးသားတစ်ဦးက အိပ်ရာထဲဝင်လာပြီး ၎င်း၏ လည်ပင်းကို ဓားဖြင့်ထောက်၍ အော်ရင်သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုပြီး မုဒိမ်းပြုကျင့်ခဲ့ကြောင်း အမှုဖွင့်တိုင်ချက်အရ သိရသည်။

“မုဒိမ်းမှု ကျူးလွန်သူက တောင်ဥက္ကလာ ၅ ရပ်ကွက်မှာ နေတဲ့သူ။ ဒီလူက မုဒိမ်းပြုကျင့်ခံရတဲ့ အမျိုးသမီးရဲ့ အစ်ကိုဖြစ်သူနဲ့ သူငယ်ချင်းတွေ။ မီးဖိုချောင်အခန်းမှာ တစ်ယောက်တည်း အိပ်နေတဲ့ အမျိုးသမီးကို ဓားနဲ့ထောက် အဓမ္မပြုကျင့်နေချိန် အိမ်သားတွေ နိုးလာလို့ အိမ်ရှေ့ပေါက်ကနေ ခုန်ချထွက်ပြေးသွားတာလို့ တိုင်ချက်အရသိရတယ်”ဟု ရဲအရာရှိက ပြောသည်။

နေအိမ်ထဲ ကျူးကျော်ဝင်ရောက်ပြီး အမျိုးသမီးကို ဓားဖြင့်ထောက်၍ မုဒိမ်းမှုပြုကျင့်ခဲ့သူ အမျိုးသားကို တောင်ဥက္ကလာပမြို့မ ရဲစခန်းက (ပ) ၁၀၄၄/၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်၍ ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ 

S-03


  • VIA