News

POST TYPE

HEALTH

ဆောကျောက်မီးသွေးတွင်း ပြိုကျမှု အလောင်းတစ်လောင်းတွေ့၊ ၄ ဦး ပိတ်မိနေဆဲ

ချောက်၊ စက်တင်ဘာ ၈

မကွေးတိုင်း ဆောမြို့နယ် ကျောက်မြောင်းကျေးရွာအနီးရှိ ကျောက်မီးသွေးတွင်း ပြိုကျရာတွင် ပိတ်မိနေသူ ၅ ဦးမှ အမျိုးသားတစ်ဦးအလောင်းကို စက်တင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ရှာဖွေတွေ့ရှိခဲ့ပြီး ကျန် ၄ ဦးကို ဆက်လက် ရှာဖွေနေကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်နေသူများထံမှ သိရသည်။

ထွန်းရာဇသတ္တုတွင်း တူးဖော်ရေးကုမ္ပဏီ၏ ကျောက်မီးသွေးတွင်း စက်တင်ဘာလ ၆ ရက်နေ့က ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည့်အတွက် သုံးဦးသေဆုံးကာ ၁ ဦးဒဏ်ရာရခဲ့ပြီး ၅ ဦးပိတ်မိနေရာမှ စက်တင်ဘာလ ၇ ရက်နေ့က စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် ဝမ်းကြီးကျေးရွာနေ ဦးမျိုးခိုင်(၃၂ နှစ်)ကို အရေပြားစုပ်ပြဲဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဆောမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးကဆိုသည်။

တွင်းအနက် ပေ ၃၀၀ ခန့်ရှိ ယင်းကျောက်မီးသွေးတွင်းအတွင်း ပိတ်မိနေသည့် ကျန် ၄ ဦးကို အမှတ် ၉ လေကြောင်းရန် ကာကွယ်ရေးကွပ်ကဲမှုဌာနချုပ်(နေပြည်တော်)၊ သတ္တုတွင်းဝန်ကြီးဌာန၊ အမှတ် ၁ သတ္တုတွင်းလုပ်ငန်းမှ တာဝန်ရှိသူများ၊ ဂန့်ဂေါခရိုင်နှင့် ဆောမြို့တို့မှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆောမြို့ အထွေထွေ အုပ်ချုပ်ရေးမှူး၊ ကြက်ခြေနီ တပ်ဖွဲ့တို့မှ တွင်းအတွင်းသို့ လေပေးပိုက်များချခြင်း၊ ရေစုပ်စက်ဖြင့် ရေများစုပ်ယူခြင်းအစရှိသည့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းတို့ထံမှ သိရသည်။

“ပြိုကျတဲ့မြေတွေကို ဖယ်ရှားနေတယ်။ နောက်ထပ်လူတွေဝင်ဖို့ ကျင်းထဲမှာ လေရှူလို့ ရ မရ စမ်းသပ်နေကြတယ်”ဟု ဆောမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

အဆိုပါ ကျောက်မီးသွေးတွင်းသည် စက်တင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းတွင် တွင်းအနက် ပေ ၃၀၀ ခန့်၌ သဘာဝဓာတ်ငွေ့နဲ့ အောက်ဆီဂျင်ထိတွေ့မှုဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လုပ်သား ၁၂ ဦး လုပ်ကိုင်နေရာမှ ၆ ဦးလွတ်မြောက်ခဲ့သော်လည်း ၃ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာ ရခဲ့ပြီး ၅ ဦး ပိတ်မိခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဆောမြို့မရဲစခန်းမှ ထွန်းရာဇာသတ္တုတူးဖော်ရေး ကုမ္ပဏီမန်နေဂျာ မင်းမင်းဦးကို (ပ)၁၁၀ /၂၀၁၈၊ ရာဇဝတ်မှုပုဒ်မ ၃၀၄(က) / ၃၃၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

R-24