News

POST TYPE

HEALTH

ရန်ကုန်ကို ငါးနှစ်အတွင်း ဆေးလိပ်ငွေ့ကင်းစင်ရေးမြို့အဖြစ် ဆောင်ရွက်မည်ဟု ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းပြော
05-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၅

ရန်ကုန်မြို့ နယ်နိမိတ်အတွင်းရှိ မြို့နယ်များ၌ ငါးနှစ်အတွင်း ရာနှုန်းပြည့် ဆေးလိပ်ငွေ့ ကင်းစင်သည့်မြို့အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ပြောကြားသည်။

“ဆေးလိပ်သောက်တဲ့သူတွေကို အရေးယူဖို့ မဟုတ်ဘူး။ မသောက်ရဘူးဆိုတဲ့နေရာမှာ မသောက်ဖို့ပဲ။ အခု ကျောက်တံတားက ၁၁၄ နေရာမှာ ၇၅ ရာခိုင်နှုန်းကတော့ ဒီဥပဒေကို လိုက်နာနေပြီပြောတော့ တကယ်လိုက်နာမှု ရှိ မရှိကို လေ့လာမှာဖြစ်တယ်။ လေ့လာပြီးရင် ပြည်သူတွေကို ပြန်ပြောသွားမှာပါ”ဟု ၎င်းကရှင်းပြသည်။

လက်ရှိအချိန်တွင် ကျောက်တံတားမြို့နယ်အတွင်း ဆေးလိပ် လုံးဝသောက်ခွင့် မရှိသောနေရာများဖြစ်သည့် ဘာသာရေးဆိုင်ရာ နေရာ ၃၅ ခု၊ ဟိုတယ်နှင့်တည်းခိုခန်း ၂၄ ခု၊ စာသင်ကျောင်း ၇ ခု၊ ဆေးရုံနှင့်ပန်းခြံ ၂ ခု၊ အစိုးရဌာန အဆောက်အအုံ ၄၀ ခု၊ ကုန်တိုက် ၃ ခု၊ ရုပ်ရှင်ရုံ ၃ ခု၊ စုစုပေါင်း ၁၁၄ ခုကို ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေ အခန်း (၄) ပုဒ်မ (၆)နှင့် (၇)အရ ဆေးလိပ်ငွေ့ကင်းစင်ရေး နေရာများသတ်မှတ်၍ ပြီးခဲ့သည့်မေလမှစတင်ကာ လုပ်ဆောင်လျက်ရှိကြောင်း ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းထံမှ သိရသည်။

“စီးကရက်ဘူးတွေမှာ ကျန်းမာရေး ထိခိုက်နိုင်တယ်ဆိုတဲ့ အမှတ်အသားတွေ ပါပေမယ့် ဆေးလိပ်ကို ရှူရှိုက်ရတာ အရသာတစ်ခုလို သဘောထားကြတယ်။ အခုဆို ဆယ်ကျော်သက်တွေကအစ ခိုးသောက်တယ်။ ဒါက ဆေးလိပ်ထဲကို တခြားမူးယစ် ဆေးဝါးတွေ ထည့်သောက်ဖို့ လမ်းစဖော်ပေးသလို ဖြစ်နေတယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ကော်မတီဝင် (၅) ဒေါ်သန်းမြင့်အောင်ကဆိုသည်။

ကမ္ဘာပေါ်တွင် နှစ်စဉ် ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုကြောင့် အဆုတ်ကင်ဆာ၊ ခံတွင်းကင်ဆာ စသည့်ရောဂါအမျိုးမျိုးကြောင့် လူပေါင်း ခြောက်သိန်းခန့် သေဆုံးနေကြောင်း၊ ထို့အပြင် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကြောင့် သေဆုံးသည့် လူခြောက်သိန်းခန့်တွင် ၇၅ ရာခိုင်နှုန်းသည် အမျိုးသမီးများနှင့် ကလေးသူငယ်များဖြစ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ရန်ကုန်မြို့နယ်နိမိတ်ကို ၂၀၂၂ ခုနှစ် တွင် ဆေးလိပ်ငွေ့ကင်းစင်သည့် နယ်မြေဖြစ်ရေးအဖြစ် ဆောင်ရွက်သည့်အတွက် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်နေရသည့်သူများအနေနှင့်လည်း ရောဂါဖြစ်ပွားနှုန်း ကျသွားနိုင်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအပြင် ပြည်သူလုထုအားလုံးပါ ပါဝင်မှ အောင်မြင်မှု ရရှိနိုင်မည်ဖြစ်ကြောင်း အထွေထွေ ရောဂါကုဆရာဝန်တစ်ဦးက ပြောကြားသည်။

“ဥပဒေအရဆိုရင်တော့ ဒါက ရနိုင်တယ်။ နေရာတိုင်းမဟုတ်ပေမယ့် သတ်မှတ်ထားတဲ့နေရာတွေမှာ သောက်ခဲ့ရင် ဒဏ်ငွေ ပြင်းပြင်းထန်ထန် ချမယ်ဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်”ဟု ၎င်းကဆိုသည်။

J-12