News

POST TYPE

HEALTH

တက္ကသိုလ်ပေါင်းစုံ စက်ရုပ်ပြိုင်ပွဲ ပထမဆုံးအကြိမ် ကျင်းပမည်
05-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၄

ရန်ကုန်မြို့မှ တက္ကသိုလ်အားလုံး ပါဝင် ယှဉ်ပြိုင်နိုင်မည့် စက်ရုပ်ပြိုင်ပွဲကို MICT Park တွင် ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန် အနောက်ပိုင်း နည်းပညာတက္ကသိုလ် ကျောင်းသား များသမဂ္ဂထံမှ သိရှိရသည်။

စက်ရုပ်ပြိုင်ပွဲကို အောက်တိုဘာ ၂၈ ရက်တွင် ကျင်းပမည်ဖြစ်သည်။ ပုဂ္ဂလိက တက္ကသိုလ်များ အပါအဝင် နည်းပညာ၊ ကွန်ပျူတာတက္ကသိုလ် ၁၅ ကျောင်းခန့်မှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် အသက် ၁၆ နှစ်မှ ၂၀ နှစ်အတွင်းရှိသော ကျောင်းသား၊ ကျောင်းသူများ အနည်းဆုံး ၃ ဦးမှ ၅ ဦးထိပါဝင်သည့် အသင်း ၂၀ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

နိုင်ငံတကာတွင်လည်း စက်ရုပ် ပြိုင်ပွဲများ ကျင်းပသဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး တက္ကသိုလ်အချင်းချင်း၊ ကျောင်းသားအချင်းချင်း နည်းပညာအမြင်သစ်များကို ဖလှယ်နိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။

အဆိုပါတက္ကသိုလ် သိပ္ပံနှင့် သုတေသန အသင်းဥက္ကဋ္ဌ ကိုဟိန်းထက်က “ဂျပန်မှာ နာမည်ကြီး ကစားသမားတွေ ကစားတဲ့ပုံစံမျိုး စက်ဝိုင်းပုံစံကွင်းထဲမှာ စက်ရုပ်တွေထည့်ထားမယ်။ စက်ရုပ်တွေကို အချင်းချင်း တိုက်ခိုင်းမယ်။ အပြင်ဘက်ထွက်သွားတဲ့ စက်ရုပ် ရှုံးမယ်။ ကျန်သူနိုင်မယ်ပေါ့။ နောက်ပြီး အမှိုက်ကောက်တဲ့ ပြိုင်ပွဲအမျိုးအစားတွေပါမယ်”ဟု ပြောဆိုသည်။

ပြိုင်ပွဲဝင်မည့် ကျောင်းသားများအတွက် စက်ရုပ်တည်ဆောက်ရာတွင် ပါဝင်အသုံးပြုရမည့်ပစ္စည်းများကို ပြိုင်ပွဲ ဦးဆောင်ကျင်းပသူများက ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ကျောင်းသားသမဂ္ဂထံမှ သိရသည်။

ပြိုင်ပွဲကို ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် သိပ္ပံနှင့် သုတေသနအသင်း၊ ကျောင်းသားသမဂ္ဂနှင့် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များအသင်းတို့က ပူးပေါင်းကျင်းပခြင်းဖြစ်သည်။

J-19