News

POST TYPE

HEALTH

အနီးအနားမှ ဆေးလိပ်ငွေ့ကို ရှူမိသူများ နာတာရှည် အဆုတ်ရောဂါ ဖြစ်နိုင်ခြေများ
22-Aug-2018
ဝါရှင်တန်၊ ဩဂုတ် ၂၁

ဆေးလိပ်မသောက်သူများသည် ငယ်စဉ်က ဆေးလိပ်သောက်သော မိဘများနှင့် အတူနေထိုင်ခဲ့ရပါက ပြင်းထန်သော အဆုတ်ရောဂါကြောင့် အသက်ဆုံးရှုံးနိုင်သည့် အန္တရာယ်မြင့်မားသည်ဟု အမေရိကန် သုတေသနအစီရင်ခံစာတစ်စောင်က တင်ပြထားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ကလေးဘဝက ဆေးလိပ်မသောက်ဘဲ အငွေ့ရှူမိနေခြင်းသည် နှစ်စဉ်သေဆုံးနေသော ဆေးလိပ်မသောက်သူ ၁၀၀,၀၀၀ တွင် နောက်ထပ် ခုနစ်ဦး တိုးလာစေသည်ဟု လေ့လာသူများက ပြောကြားသည်။

ဆေးလိပ်မသောက်သူ အမျိုးသားနှင့် အမျိုးသမီး ၇၀,၉၀၀ ကို သုတေသနပြုခဲ့ကြသော အမေရိကန် ကင်ဆာရောဂါရပ်ဆိုင်ရာအသင်းမှ ပညာရှင်များက ကလေးများကို ကာကွယ်ရန် အကောင်းဆုံးနည်းမှာ ဆေးလိပ်သောက်ခြင်းကို စွန့်လွှတ်ခြင်းပင်ဖြစ်သည်ဟု ပြောကြားသည်။

ထို့ပြင် အရွယ်ရောက်သည့်အချိန်တွင် ဆေးလိပ်သောက်သူနှင့် နေထိုင်ရပါကလည်း အခြားကျန်းမာရေး ဆိုးကျိုးသက်ရောက်မှုများရှိသည်ဟု ပညာရှင်များက တွေ့ရှိခဲ့ကြသည်။

သီတင်းပတ်တိုင်းတွင် ဆေးလိပ်ငွေ့နှင့်ထိတွေ့မှု ၁၀ နာရီနှင့်အထက် ဖြစ်နေပါက ဆေးလိပ်မသောက်သူများနှင့်အတူ နေထိုင်သည့်သူများထက် အသက်ဆုံးရှုံးနိုင်ခြေတွင် နှလုံးရောဂါကြောင့် ၂၇ ရာခိုင်နှုန်း၊ ဦးနှောက်လေဖြတ်မှုကြောင့် ၂၃ ရာခိုင်နှုန်း၊ နာတာရှည် အဆုတ်ရောင်ရောဂါကြောင့် ၄၂ ရာခိုင်နှုန်း ပိုများသည်ဟုဆိုသည်။

သုတေသနတွင် ပါဝင်ဖြေကြားသူများအား ၎င်းတို့၏ ဘဝတစ်လျှောက် ဆေးလိပ်ငွေ့ ထိတွေ့ရှူရှိုက်မှုအကြောင်းကို မေးမြန်းခဲ့ပြီး နောက်ထပ် ၂၂ နှစ် စောင့်ကြည့်လေ့လာခဲ့ခြင်းဖြစ်သည်။

ဆေးလိပ်နှင့် ကျန်းမာရေးဆိုင်ရာ စည်းရုံးလှုံ့ဆော်မှုအဖွဲ့မှ ဟေဇယ်ချက်စမန်းက “ကလေးတွေကို ကာကွယ်ဖို့အတွက် ဆေးလိပ်ကို အပြင်ဘက်မှာသောက်ကြဖို့ ဒီသုတေသနရလဒ်တွေက ညွှန်ပြနေပါတယ်။ မိဘတွေ ဆေးလိပ်ဖြတ်တာကတော့ အကောင်းဆုံးနည်းပါပဲ” ဟု ပြောကြားသည်။

ဗြိတိန်အဆုတ်ရောဂါဆိုင်ရာ ဖောင်ဒေးရှင်းမှ ဒေါက်တာနစ်ဟော့ကင်ဆန်က “ဆေးလိပ်မသောက်ပဲနဲ့ ဘေးနားကနေ ရှူမိနေတာဟာ ကလေးဘဝ ကျော်လွန်တဲ့အထိ သက်ရောက်မှုတွေ ရှည်ကြာပါတယ်။ စိတ်မကောင်းစရာက ယူကေမှာ ဆေးလိပ်ဖြတ်ပေးတဲ့ဌာနတွေကို ရန်ပုံငွေ ဖြတ်တောက်တာပါပဲ။ ကလေးငယ်တွေရဲ့ မိဘတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ ဆေးလိပ်ဖြတ်ဖို့ လိုအပ်လာရင် အကူအညီပေးနိုင်ဖို့ လိုပါတယ်” ဟု ပြောကြားသည်။

ဆေးလိပ်သောက်သောမိဘများ၏ ရင်သွေးများသည် ပန်းနာရင်ကျပ်ရောဂါနှင့် အဆုတ်ဖွံ့ဖြိုးမှု အားနည်းသော အန္တရာယ်ရှိသည့်အပြင် အရွယ်ရောက်လာသည့် အချိန်အထိ နာတာရှည်အဆုတ်ရောဂါ ဖြစ်နိုင်ခြေမြင့်မားသည်ဟု အဆိုပါ သုတေသနက ညွှန်ပြနေသည်။

ငယ်စဉ်က ဆေးလိပ်ငွေ့ရှူခဲ့ရသည့် ဆိုးကျိုးသည် အသက်ကြီးလာချိန်တွင် အသက်ဘေးအန္တရာယ်အပြင် ဆေးရုံဆေးခန်းနှင့် မကင်းနိုင်သည့် အခြေအနေသို့ ဆိုက်ရောက်စေသည်ဟု ပညာရှင်များက ပြောကြားသည်။

သုတေသနအဖွဲ့မှ ဒေါက်တာရိုင်ယန် ဒိုက်ဗာက “ဒီသုတေသနဟာ ကလေးအရွယ်မှာ ဆေးလိပ်ငွေ့ရှူရှိုက်မှုနဲ့ အရွယ်ရောက်ချိန်မှာ နာတာရှည်အဆုတ်ရောဂါ ဖြစ်မှုအကြား ဆက်နွှယ်မှုကို ပထမဆုံး လေ့လာခဲ့တာဖြစ်ပြီး နံဘေးကနေ ဆေးလိပ်ငွေ့ရှူမိခြင်းကို လျှော့ချဖို့ လိုအပ်တယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရှိခဲ့ပါတယ်” ဟု ရှင်းလင်းပြောကြားသည်။

F-04