News

POST TYPE

HEALTH

မန္တလေးဈေးချိုကို ဓာတုဆိုးဆေးကင်းစင်ဈေး ကြေညာမည်
18-Jul-2018


မန္တလေး၊ ဇူလိုင် ၁၈

မန္တလေးဈေးချိုတော်ကို မြန်မာနိုင်ငံ၏ ပထမဆုံးသော ခွင့်မပြုဓာတုဆိုး ဆေးကင်းစင်သောဈေးအဖြစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် ကြေညာမည်ဖြစ်ကြောင်း အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန (မန္တလေး)၊ ဒုတိယ ညွန်ကြားရေးမှူး ဒေါက်တာကျော်ကျော်က ပြောကြားသည်။

ဈေးရောင်းတဲ့သူတွေကို စည်ပင်နဲ့ FDA ပေါင်းပြီး ပညာပေးတာတွေ လုပ်နေတယ်။ ၂၀၁၆ မေလကတည်းက ဈေးထဲမှာရှိတဲ့ အရောင်သုံးတဲ့ အစားအသောက် အားလုံးကိုဝယ်ပြီး စစ်ဆေးမှုတွေလုပ်တယ်၊ အရေးယူတယ်။ ခေါ်တွေ့ပြီး ပညာပေးတာတွေ လုပ်တယ်။ ကင်းစင်တဲ့ဆိုင်တွေကို အသိအမှတ်ပြုကတ်ပြားတွေ ထုတ်ပေးတယ်”ဟု ၎င်းကပြောဆိုသည်။

ဈေးချိုတော်ကို ခွင့်မပြုဓာတုဆိုး ဆေးကင်းစင်သော နယ်မြေဖြစ်စေရန် ၂၀၁၆ ခုနှစ်ကတည်းက ရက်တစ်ရာ စီမံချက်ရေးဆွဲဆောင်ရွက်ခဲ့ရာ လက်ရှိတွင် နှစ်ဆိုင်ခန့်သာ စစ်ဆေးရန်ကျန်ရှိတော့ကြောင်း ဒေါက်တာကျော်ကျော်က ရှင်းပြသည်။

“FDA ကတော့ ကျွန်မတို့ဆိုင်က ပစ္စည်းတွေကိုဝယ်ပြီး စစ်ဆေးတာတွေ လုပ်နေတာတော့ ရှိတယ်။ အသိအမှတ်ပြုကတ်ရရင် ဝယ်သူတွေကို ယုံကြည်စိတ်ချစွာနဲ့ သုံးစွဲနိုင်တယ်ဆိုတာ ချပြနိုင်တာပေါ့။ အာမခံပေးလို့ ရတာပေါ့”ဟု ရွှေမန်းသူ ဆိတ်သားခြောက်နှင့် ဝက်အူချောင်းရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်အေးအေးက ပြောကြားသည်။

ဈေးချိုတော်ရှိ ဆိုင်ခန်းပေါင်း ၃၈၀ ကျော်မှ အစားအသောက် အမျိုးအစား ၂၅ မျိုးခန့် ရောင်းချလျက်ရှိပြီး ဆိုင်ပေါင်း ၁၂၄ ဆိုင်ကို ခွင့်မပြုဓာတုဆိုး ဆေးကင်စင်ဆိုင်များအဖြစ် အသိအမှတ်ပြုကတ်များ ထုတ်ထားပေးပြီးဖြစ်ကြောင်း၊ ကျန်ရှိနေသော ဆိုင်များကို အသိအမှတ်ပြုကတ်များ ထပ်မံထုတ်ပေးမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန (မန္တလေး) ထံမှ သိရသည်။

“ကတ်ပြား ထုတ်ထားပေးပြီးသား ဆိုင်တွေကို ရှောင်တခင် စစ်ဆေးမှုတွေ လုပ်မယ်။ တွေ့ခဲ့ရင် အသိအမှတ်ပြု ကတ်ပြားတွေ ပြန်သိမ်းမယ်”ဟု ဒေါက်တာကျော်ကျော်က ထပ်လောင်းပြောကြားသည်။

M-05