News

POST TYPE

HEALTH

မွန်တွင် သွေးလွန်တုပ်ကွေး အဖြစ်နည်းသော်လည်းသေဆုံးသူများ
04-Jul-2018
မော်လမြိုင်၊ ဇူလိုင် ၃

မွန်ပြည်နယ်တွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားမှု ယမန်နှစ်ထက် လျော့နည်းသော်လည်း သေဆုံးမှုများကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနထံမှ သိရသည်။

ဇန်နဝါရီလမှ ဇူလိုင်လ ၂ ရက်ထိ စာရင်းအရ ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးကူးစက်ဖြစ်ပွားသူ ၈၅၉ ဦးရှိပြီး သေဆုံးသူ ၃ ဦးထိရှိကြောင်း သိရသည်။

ယမန်နှစ်ကာလတူတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၉၀၀ ဦးရှိပြီး သေဆုံးမှုမရှိခဲ့ကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနစာရင်းအရ သိရသည်။

“ကလေး ၃ ဦး သေဆုံးတယ်၊ ဒါကလည်း အချိန်လွန်မှ ဆေးရုံရောက်လာလို့ ဖြစ်တယ်”ဟု အထက်ပါဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစည်သူရဲနောင်က ပြောသည်။

လတ်တလောစာရင်းအရ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု အများဆုံးသည် မော်လမြိုင်မြို့နယ်ဖြစ်ပြီး ဒုတိယအများဆုံးသည် မုဒုံမြို့နယ်၊ တတိယအများဆုံးသည် သံဖြူဇရပ်မြို့နယ်ဖြစ်သည်။

သေဆုံးသွားသည့်ကလေး ၃ ဦးသည် သံဖြူဇရပ်မြို့နယ်မှ ၁ ဦး၊ ပေါင်မြို့ နယ်မှ ၁ ဦးနှင့် သထုံမြို့နယ်မှ ၁ ဦး အသက်အရွယ်အားဖြင့် အသက် ၈ လ၊ ၉ နှစ်နှင့် ၁၆ နှစ်တို့ဖြစ်ကြသည်ဟု ဒေါက်တာစည်သူရဲနောင်က ပြောသည်။

သွေးလွန်တုပ်ကွေးရောဂါသည် ယခင်က ကလေးများတွင် ဖြစ်ပွားတတ်သည့်ကူးစက်ရောဂါဖြစ်သော်လည်း ယခုနောက်ပိုင်းတွင် ကလေးများတွင်သာမက လူကြီးများပါ ကူးစက်ဖြစ်ပွားနေသည့် အနေအထားဖြစ်ကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သွေးလွန်တုပ်ကွေး ကူးစက်ဖြစ်ပွားမှုသည် ၂ နှစ်တစ်ကြိမ်၊ ၃ နှစ်တစ်ကြိမ် အဖြစ်များတတ်သည့် သဘောသဘာဝရှိပြီး မွန်ပြည်နယ်တွင် ၂၀၁၁၊ ၂၀၁၃၊ ၂၀၁၅ ခုနှစ်တို့တွင် အဖြစ်များခဲ့ပြီး အသေအပျောက်လည်း ရှိခဲ့သည်။

S-04



  • VIA