News

POST TYPE

HEALTH

သူနာပြုသိပ္ပံသင်တန်း အဝေးသင်ဖြင့် သင်နိုင်ရန် စီစဉ်
03-Jul-2018

ရန်ကုန်၊ ဇူလိုင် ၃

လုပ်ငန်းခွင်အတွင်းရှိ သူနာပြုများ သူနာပြုသိပ္ပံ (ပေါင်းကူး) သင်တန်းကို လုပ်ငန်းခွင်မပျက်စေဘဲ အဝေးသင်နည်းလမ်းဖြင့် သင်ယူနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သူနာပြုတက္ကသိုလ် (ရန်ကုန်)၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနထံမှ သိရသည်။

အဆိုပါသင်တန်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အကူအညီဖြင့် ၂၀၁၅ ခုနှစ်မှစတင်ကာ ပြင်ဆင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် စတင်ဖွင့်လှစ်နိုင်ရန်စီစဉ်နေကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနထံမှ သိရသည်။

“စာပေးစာယူပုံစံမျိုးပေါ့။ အလုပ်မပြတ်ဘဲနဲ့ စာစဉ်တွေလည်း ဖြေရမယ်။ အခုလောလောဆယ်ကတော့ ဆေးရုံတွေကို အကြောင်းကြားထားပြီးပြီ။ သင်တန်းကျောင်းတွေသွားပြီး အဲဒီကကျောင်းအုပ်တွေနဲ့ ဆွေးနွေးနေတဲ့ အဆင့်ပဲရှိသေးတယ်။ လူဘယ်လောက်ခေါ်မလဲဆိုတာကတော့ လျှောက်တဲ့အပေါ် မူတည်တယ်”ဟု သူနာပြုတက္ကသိုလ်(ရန်ကုန်)၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုကဲ့သို့ အဝေးသင်နည်းလမ်းဖြင့် လုပ်ငန်းခွင်မပျက် သူနာပြုသိပ္ပံဘွဲ့ကို ချီးမြှင့်ခြင်းဖြင့် ဆေးရုံများ၌ သူနာပြုအင်အား လျော့နည်းမှုမရှိသဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ထိရောက်စွာ ပေးနိုင်ခြင်း၊ အကြောင်း အမျိုးမျိုးကြောင့် သူနာပြု သိပ္ပံသင်တန်း မတက်ရောက်နိုင်ခဲ့သည့် Senior Nurses များ ဘွဲ့ရနိုင်သော အခွင့်အလမ်းရခြင်း၊ အဆိုပါဘွဲ့ရ အရေအတွက် တိုးလာခြင်း၊ ကုန်ကျစရိတ် သက်သာခြင်း၊ သင်တန်းကျောင်းများ၏ စွမ်းဆောင်ရည် တိုးမြှင့်နိုင်ခြင်းအပြင် တိုင်းနှင့် ပြည်နယ်များရှိ ပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်း တိုးမြင့်လာခြင်းစသည့် အကျိုးကျေးဇူးများ ရရှိလာနိုင်မည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

ယင်းသင်တန်းကို သူနာပြုတက္ကသိုလ်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သူနာပြုသင်တန်းကျောင်းများနှင့် ချိတ်ဆက်၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

J-12