News

POST TYPE

HEALTH

မျိုးစပါးဈေးမြင့်၍ တောင်သူများအခက်တွေ့
25-Jun-2018
ဟင်္သာတ၊ ဇွန် ၂၄

ဟင်္သာတခရိုင်အတွင်းရှိ လယ်မြေဧက အများအပြားသည် ဇွန်လဆန်းက ရွာခဲ့သည့်မိုးကြောင့် ရေနစ်မြုပ်ပြီး ပျက်စီးမှုရှိခဲ့ရာ ပြန်လည်စိုက်ပျိုးရန်အတွက် မျိုးစပါးဈေးမှာ မြင့်တက်နေခြင်းကြောင့် ငွေကြေးကျပ်တည်းသည့် တောင်သူအချို့ အခက်အခဲနှင့် တွေ့ကြုံရကြောင်း ဟင်္သာတခရိုင်အတွင်းရှိ တောင်သူအများစုက ပြောကြားသည်။

မျိုးစပါးလိုအပ်ချက်အရ ပြန်လည်ဝယ်ယူချိန်၌ တင်းတစ်ရာလျှင်ကျပ် ၁၀ သိန်းအထက် ဈေးကွက်မြင့်တက်နေရာ ငွေကြေးတတ်နိုင်သည့် တောင်သူများအတွက် အဆင်ပြေနိုင်သော်လည်း ငွေကြေးကျပ်တည်းနေသည့် တောင်သူများအတွက် အခက်တွေ့နေကြောင်း ၎င်းတို့က ပြောဆိုသည်။

“စိုက်ပျိုးရေးဘဏ်က ငွေချေးပေးတယ်ဆိုတာမှန်တယ်။ လယ်ဧကနည်းတဲ့ တောင်သူက စိုက်ပျိုးစရိတ်အပြင် မိသားစုအသုံးစရိတ်နဲ့ ကြွေးဆပ်တာကအစ သုံးရတယ်။ လယ်ပျက်စီးတော့ ငွေကထပ်ရှာရတယ်။ ဈေးကမြင့်တယ်။ ဘယ်ဌာနမှလည်း မကူညီဘူး”ဟု အင်္ဂပူမြို့ခံ တောင်သူဦးနိုင်မြင့်က ပြောဆိုသည်။

မျိုးစပါးများကို ဝယ်ယူရာတွင် ဈေးကွက်မြင့်တက်နေခြင်းအပါအဝင် စိုက်ပျိုးရက်အခြေအနေအရ သက်ကြီးစပါး သက်လတ်စပါးများကို ခွဲခြားဝယ်ယူရပြီး လတ်တလောအရေးပေါ်စိုက်ပျိုးရန် ၁၄၅ ရက်ဖြင့် ရိတ်သိမ်းနိုင်မည့် ရွှေဝါထွန်း၊ ဆင်းသုခကဲ့သို့အမျိုးအစားများ ဝယ်ယူရမည်ဖြစ်ကြောင်း၊ စတင်စိုက်ပျိုးနိုင်မည့် ရက် ၁၅ ရက်ခန့်နောက်ကျပါက ၁၃၅ ရက်အတွင်း ရိတ်သိမ်းနိုင်မည့် ပြည်တော်ရင်စပါး၊ ရေနည်းလိုစပါးများ ဝယ်ယူရမည်ဖြစ်ကြောင်း ဟင်္သာတမြို့ခံတောင်သူ ဦးကျော်လွင်က သုံးသပ်ပြောကြားသည်။

ဒေသခံတောင်သူများလိုအပ်ချက် ရှိနေသည့် မျိုးစပါးအတွက် မျိုးကောင်း မျိုးသန့်စပါးများ ရှာဖွေရောင်းချပေးနေပြီး ကျောင်းကုန်းဒေသထွက် မျိုးကောင်း မျိုးသန့်များကိုလည်း တင်းတစ်ရာလျှင် ဆယ်သိန်းကျပ်ဈေးဖြင့် ရောင်းပေးနေကြောင်း ဟင်္သာတမြို့နယ် စိုက်ပျိုးရေးဌာနဦးစီးအရာရှိ ဦးမျိုးမင်းလွင်ဦးက ပြောကြားသည်။

ဟင်္သာတခရိုင် မြို့နယ်ခြောက် မြို့နယ်တွင် မိုးစပါးစိုက်ဧက ၅၃၂,၈၇၃ ဧက လျာထားချက်ရှိပြီး ရေမြုပ်၊ ထိခိုက်၊ ပျက်စီး လယ်ဧကများကို အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရန် တောင်သူများအတွက်မျိုးစပါးရရှိရေး ကူညီဆောင်ရွက်ပေးနေကြောင်း၊ ဇွန်လ ၂၀ ရက်နေ့အထိစာရင်းအရ ဟင်္သာတခရိုင်အတွင်း ကျေးရွာအုပ်စု ပေါင်း ၁၈၉ အုပ်စုမှ တောင်သူ ၁၆,၉၈၇ ဦး၊ လုပ်ပိုင်ခွင့်ရလယ်ကွက်များ၌ ဧကပေါင်း ၇၄,၇၉၁ ဧက ရေမြုပ်ခဲ့ပြီးနောက် ၄၃,၀၃၂ ဧက ရေပြန်ပေါ်ခဲ့ပြီး ထိခိုက်မှု ၂၀,၆၀၈ ဧကနှင့် ပျက်စီးမှု ၂၆၃၃ ဧကရှိကြောင်း ဟင်္သာတခရိုင် စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။  

R-13


  • VIA