News

POST TYPE

HEALTH

အငှားယာဉ်မောင်း ဆီဒိုးနားကို သေဒဏ် အမိန့်ချ
22-Jun-2018


ရန်ကုန်၊ ဇွန် ၂၂

FDA ဝန်ထမ်းအမျိုးသမီး အသတ်ခံရမှုမှ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁) (ဂ)ဖြင့် စွဲချက်တင်စစ်ဆေးနေသော အငှားယာဉ်မောင်း မျိုးဇော်ဦး (ခ) ဆီဒိုးနားကို ဇွန်လ ၂၂ ရက် (ယနေ့)တွင်  သေဒဏ်အမိန့် ချမှတ်လိုက်ကြောင်း အရှေ့ပိုင်းခရိုင်တရားရုံးထံမှ သိရသည်။

အပြီးသတ်စီရင်ချက် အမိန့်ချမှတ်ခံရသည့် တရားခံအငှားယာဉ်မောင်း ဆီဒိုးနားမှာ လူသတ်မှု မုဒိမ်းမှု ဓမ္မတာနှင့် ဆန့်ကျင်ပြီး ကာမဆက်ဆံမှု လုယက်မှုတို့ကို ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

အဆိုပါ အမှုမှာ ယခုနှစ် ဇန်နဝါရီလက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသတ်ခံရသည့် မရွှေရည်ဝင်းမှာ နေပြည်တော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) မှ ဒုကြီးကြပ်ရေးမှူးဖြစ်ကာ လှည်းတန်းလမ်းဆုံမှ ၎င်းနေထိုင်သည့် ဒဂုံမြို့နယ်ရှိ နေအိမ်သို့ မျိုးဇော်ဦး (ခ) ဆီဒိုးနား မောင်းနှင်သည့် အငှားယာဉ်နှင့်လိုက်ပါခဲ့ရာမှ အသတ်ခံရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

သေဆုံးသူ၏ လက်ကိုင်ဖုန်းနှင့်အတူ တရားခံ မျိုးဇော်ဦး (ခ) ဆီဒိုးနားကို ယုဇနပလာဇာတွင် ဖမ်းမိခဲ့ပြီးနောက် စစ်ဆေးခဲ့ရာ အငှားယာဉ်အတွင်း လေအေးပေးစက်ဖွင့်ပေးခ ကျပ်တစ်ထောင် ပိုတောင်းသည်ကို မပေးသည့် မရွှေရည်ဝင်းအား ၎င်းက ဝက်အူလှည့်ဖြင့် ခရီးသည်အမျိုးသမီး၏ လည်ပင်းကို ထိုး၍ လည်ပင်းထပ်ညှစ်ခဲ့ကြောင်း၊ ယင်းနောက် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ၃၃ ရပ်ကွက်ရှိ ငမိုးရိပ်ချောင်း ကမ်းစပ်အနီးသို့ ယာဉ်မောင်းနှင်ကာ မရွှေရည်ဝင်းကို အဓမ္မပြုကျင့်ခဲ့ပြီးနောက် လက်ဝတ်ရတနာများနှင့် လက်ကိုင်ဖုန်းတို့ကို ယူဆောင်ပြီး အလောင်းကို ချောင်းကမ်းစပ်အနီးတွင် စွန့်ပစ်ထားခဲ့ကြောင်း ဝန်ခံထွက်ဆိုသဖြင့် လူသတ်မှု ပုဒ်မ ၃၀၂၊ မုဒိမ်းမှု ပုဒ်မ ၃၇၆၊ ဓမ္မတာနှင့်ဆန့်ကျင်ပြီး ကာမဆက်ဆံမှု ပုဒ်မ ၃၇၇၊ လုယက်မှု ပုဒ်မ ၃၉၄ တို့ဖြင့် အရှေ့ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆို စစ်ဆေးခဲ့ပြီးနောက် အမှုစစ်တရားသူကြီးက သေဒဏ်အမိန့်အထိ ချမှတ်နိုင်သော ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁) (ဂ) ဖြင့် စွဲချက်တင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

S-03


  • VIA