News

POST TYPE

HEALTH

ကျောင်းမုန့်ဈေးတန်းများတွင် စားသုံးရန်မသင့်သောမုန့်များ ရှောင်ကြဉ်နိုင်ရေး လှုပ်ရှားမှုပြုလုပ်
20-Jun-2018

ပုသိမ်၊ ဇွန် ၂၀

ဧရာဝတီတိုင်းအတွင်းရှိ အခြေခံ ပညာကျောင်းများ၌ ယခုပညာသင်နှစ်တွင် ကျောင်းမုန့် ဈေးတန်းများ၌ ရောင်းချနေသော စားသုံးရန်မသင့်သည့်မုန့်များကို ကျောင်းသား၊ ကျောင်းသူများ ရှောင်ကြဉ်နိုင်ရေးအတွက် အသိပညာပေးရေး လှုပ်ရှားမှုကို ဇွန်လ ၂၀ ရက်နေ့က စတင်ပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းတစ်ခုလုံးရှိ မြို့နယ် ၂၆ မြို့နယ်တွင် တစ်ပြိုင်နက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဧရာဝတီတိုင်း အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ကျောင်းများတွင် စားသုံးရန်မသင့်သောမုန့်များ မရှိစေရန်၊ မိုးရာသီကာလ ကျောင်းသားများ ဝမ်းပျက်ဝမ်းလျှော မဖြစ်စေရန်၊ ၂၀၁၇ ဇန်နဝါရီလမှ ဒီဇင်ဘာတွင်း FDA မှ ထုတ်ပြန်ထားခဲ့သော တားမြစ်မုန့် အမျိုးအစား ၄၀ ကို မစားသုံးမိစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်း စားသုံးသူရေးရာ ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကျော်ကျော် ပြောကြားသည်။

“တိုင်းအတွင်းက အခြေခံပညာကျောင်း အားလုံးမှာ FDA ကထုတ်ပြန်ထားတဲ့ တားမြစ်မုန့် အမျိုးအစား ၄၀ ပါတဲ့ ဗီနိုင်းလေးချပ်ကို ကျောင်းသား။ ကျောင်းသူတွေ၊ ဆရာ/ဆရာမတွေ မြင်သာတဲ့နေရာမှာကပ်တယ်၊ ဇွန်လဆန်းကတည်းက ကျောင်းမုန့်ဈေးတန်း ကြီးကြပ်မှုကော်မတီတွေကို အသိပညာပေး သင်တန်းဖွင့်ခဲ့တယ်”ဟု ၎င်းကရှင်းပြသည်။

ဓာတုဆိုးဆေးပါသောမုန့်များ၊ တာရှည်ခံဆေးနှင့် ဖော်မလင် အသုံးပြုထားသော စားသုံးရန်မသင့်သော တားမြစ်မုန့်များ ရောင်းချမှုနှင့်ပတ်သက်၍ ပြီးခဲ့သောပညာသင်နှစ်က အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း၊ ယခုပညာသင်နှစ်တွင် ထိုမုန့်များကိုရောင်းချပါက ဖျက်သိမ်းခြင်း၊ စီမံရေးရာ နည်းလမ်းများဖြင့် အရေးယူခြင်းတို့ ပြုလုပ်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်း စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးကြည်အောင် ပြောကြားသည်။

“အသိပညာပေး လှုပ်ရှားမှုတွေ ဟောပြောပွဲတွေ ပရိုဂျက်တာနဲ့ပြတာတွေကို စာသင်ချိန်မထိခိုက်အောင် ကျောင်းအုပ်ကြီးတွေနဲ့ ညှိနှိုင်းပြီး ဇွန်လနဲ့ဇူလိုင်အတွင်းမှာ လုပ်သွားမယ်”ဟု ၎င်းက ပြောဆိုသည်။

ကျောင်းမုန့်ဈေးတန်းများတွင် စားသုံးရန်မသင့်သော တားမြစ်မုန့်များ ရှောင်ကြဉ်နိုင်ရေးလှုပ်ရှားမှုကို စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၊ စားသုံးသူရေးရာ ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အထွေတွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ FDA၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့် ကျောင်းကျန်းမာရေးအဖွဲ့စသည့် မိတ်ဖက်အဖွဲ့များဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။