News

POST TYPE

HEALTH

ကင်ဆာဖြစ်သည့်ကလေးများကို တိုင်းနှင့် ပြည်နယ် ခုနစ်ခု၌ တိုးချဲ့ကုသရန်စီစဉ်
13-Jun-2018 tagged as ကျန်းမာရေး

ရန်ကုန်၊ ဇွန် ၁၂

ကင်ဆာရောဂါဖြစ်ပွားသည့် ဦးရေသည် တစ်နှစ်ထက်တစ်နှစ် တိုးပွားလာသည့်အတွက် ရောဂါဖြစ်ပွားသည့် ကလေးများကုသမှု ပိုမိုရရှိစေနိုင်ရေးအတွက် တိုင်းနှင့်ပြည်နယ် ခုနစ်ခုတွင် တိုးချဲ့ကုသပေးရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်ကလေးဆေးရုံကြီး၊ သွေးနှင့် ကင်ဆာကုသဆောင်မှ ဒေါက်တာအေးအေးခိုင်က ပြောကြားသည်။

“ဆရာမတို့ ဒါကို Satelite Center လို့ခေါ်တယ်။ ဝပ်ရှော့တွေလုပ်ပြီး ဒီနေရာတွေမှာ ဖြည့်စွက်ပြီးသာကုပေးနိုင်ရင် ဒီဆေးရုံမှာ အချိန်ကြာကြာနေရမှာတွေလျော့သွားမယ်” ဟု ၎င်းကရှင်းပြသည်။

အဆိုပါ Satelite Center များကို ရန်ကုန်စစ်ဆေးရုံ၊ ပုသိမ်၊ စစ်တွေ၊ တောင်ကြီး၊ မကွေး၊ နေပြည်တော်တို့ရှိ ဆေးရုံများတွင် ကုသမှုပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်တွင် ရန်ကုန်ကလေးဆေးရုံကြီးနှင့် မန္တလေးကလေး ဆေးရုံကြီးတွင် သွေးနှင့်ဆိုင်သော ကင်ဆာရောဂါဖြစ်ပွားသည့် ကလေး ၅၀၀ ခန့်ကို ကုသမှုပေးလျက်ရှိကြောင်း ရန်ကုန်ကလေးဆေးရုံကြီးထံမှ သိရသည်။

မြန်မာနိုင်ငံတစ်ဝန်း အသက် ၁၄ နှစ်အောက်အရွယ်ကလေး ကင်ဆာရောဂါလူနာအသစ်ဖြစ်ပွားသူ ၁၅၀၀ ခန့်ရှိမည် ဟု ခန့်မှန်းထားသော်လည်း ယင်းလူနာဦးရေ၏ သုံးပုံတစ်ပုံသာ သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ လာရောက်၍ စစ်ဆေးကုသမှုခံယူလျက်ရှိကြောင်း ရန်ကုန်ကလေး ဆေးရုံကြီး၏ စာရင်းများအရ သိရသည်။

J-12