News

POST TYPE

HEALTH

ဧရာဝတီတိုင်းတွင် ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေ ထူထောင်ရေး အရှိန်မြှင့်မည်


ပုသိမ်၊ ဇွန် ၁၀ 

ဧရာဝတီတိုင်းအတွင်း ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေ ထူထောင်ရေးလုပ်ငန်း စီမံချက်များကို တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ ဇွန်လမှစတင်၍ အရှိန်မြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။ 

ဧရာဝတီတိုင်းရှိ တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများ၊ အစိုးရဌာနရုံးများ၊ ဆေးရုံများတွင် ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေ ထူထောင်ရေးလုပ်ငန်းများကို စတင်နေပြီး အများပြည်သူ စုရုံးသည့်နေရာ၊ ခရီးသည်တင် ဘတ်စ်ကားစသည့်နေရာများတွင် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် ဆက်လက်ထူထောင်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဒေါက်တာသီဟအောင်က ပြောသည်။ 

ဆေးလိပ်သောက်သုံးသူသာမက အခြားပတ်ဝန်းကျင်ရှိ ဆေးလိပ်မသောက်သူများလည်း ဆေးလိပ်ငွေ့ကို ရှူရှိုက်မိကာ သောက်သုံးသူကဲ့သို့ ရောဂါဖြစ်ပွားသည်ကို တွေ့ရှိရကြောင်း၊ ဆေးလိပ်သောက်ခြင်းကို ထိန်းချုပ်ရုံတင်မက ဆေးလိပ်မသောက်သူများလည်း ရောဂါမဖြစ်စေရန်အတွက် အရှိန်မြှင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းမှ အတွင်းရေးမှူး ဒေါက်တာဖုန်းမြင့်က ပြောသည်။ 

“ဆေးလိပ် မသောက်ရ သတ်မှတ်ထားတဲ့ နေရာမှာ ဆေးလိပ်သောက်ရင် ဥပဒေနဲ့အညီ အရေးယူမှာဖြစ်တဲ့အပြင် ဆေးလိပ်၊ ကွမ်းနှင့် အရက် သောက်စားသုံးစွဲမှု ထိန်းချုပ်လျှော့ချရေးကိုလည်း ဟောပြောပွဲတွေ အလုပ်ရုံဆွေးနွေးပွဲတွေ အသိပညာပေး လှုပ်ရှားမှုတွေကို ဆောင်ရွက်သွားမှာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။ 

ဆေးလိပ်သောက်သုံးသူ တစ်ဦးတည်းသာ အဆိပ်သင့်ခြင်း မဟုတ်ပါဘဲ ပတ်ဝန်းကျင်ရှိ ဆေးလိပ်မသောက်သူကိုပါ ရောဂါဖြစ်ကြောင်း အသိပညာပေးလာသဖြင့် မနေနိုင်၍ ဆေးလိပ်သောက်လိုပါက လူအများကြား ဆေးလိပ်မသောက်သင့်ကြောင်း၊ ယင်းအပြင် ဆေးလိပ်မသောက်သူများ အနေနှင့်လည်း ဆေးလိပ်သောက်နေသူ အနီးတွင်လည်း မနေသင့်ကြောင်း ဆေးလိပ်ကို စွဲမြဲစွာသောက်သုံးသူ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးဝင်းမော်အောင်က အကြံပြုသည်။ 

မြန်မာနိုင်ငံ၌ ၂၀၀၆ ခုနှစ်က စတင်ကာ ဆေးလိပ်ဆေးရွက်ကြီး ထိန်းချုပ်သည့် ဥပဒေပေါ်ပေါက်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ဥပဒေ အသက်ဝင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံရှိ တက္ကသိုလ် အခြေခံပညာကျောင်းများ၊ ဆေးရုံနှင့် ဌာနဆိုင်ရာများတွင် ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေထူထောင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းထံမှ သိရသည်။  

R-12