News

POST TYPE

HEALTH

ကလေးတွင် သွေးလွန်တုပ်ကွေး မဖြစ်ပွားစေရေး ဆောင်ရွက်
09-Jun-2018
ကလေး၊ ဇွန် ၉

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ရေတွင်းရေကန်များကို ဆေးခတ်ခြင်းနှင့် ဖုံးသွန်ခပ်စစ်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းကလေးခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှခရိုင်ဦးစီးမှူး ဒေါက်တာဒေါ်စိုးမိုးထွေးက ပြောကြားသည်။

ကလေးမြို့နယ်အတွင်း ယခုနှစ်ဇန်နဝါရီလမှ မေလအထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူငါးဦးရှိပြီး ယင်းရောဂါသည်ဇွန်၊ ဇူလိုင်လမှစ၍ အောက်တိုဘာလအထိအများဆုံး ဖြစ်ပွားတတ်သည့် ရောဂါတစ်ခုဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းအတွင်း ကလေးမြို့သည် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအများဆုံး စာရင်းတွင်ပါသည့်မြို့လည်းဖြစ်သည့်အတွက် ရောဂါဖြစ်ပွားမှုမရှိရန် ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ပြည်သူများပူးပေါင်းပါဝင်ရန်မှာ အရေးကြီးသည့် ကဏ္ဍတစ်ခုဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ဆရာမတို့အနေနဲ့ကျတော့ ဝန်ထမ်းအင်အားက နည်းတော့အိမ်ပေါက်စေ့ကို မလုပ်နိုင်ဘူး။ အဲဒီတော့ပြည်သူတိုင်းက တစ်ဦး၊ တစ်ဦးချင်းစီက တာဝန်ယူချင်စိတ်ကလေးရှိဖို့ပဲလိုတယ်”ဟု ဒေါက်တာဒေါ်စိုးမိုးထွေးက ဆိုသည်။

ကလေးမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် မေလမှစ၍ ခြင်များ မပေါက်ဖွားနိုင်စေရေးရေတွင်း၊ ရေကန်များတွင် ဆေးခတ်ခြင်း ဖုံးသွန်ခပ်စစ်လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဇွန်လ ၉ ရက်နေ့တွင် ကလေးမြို့ပေါ်ရှိရပ်ကွက် ၁၉ ရပ်ကွက်မှ ရပ်ကွက်ထက်ဝက်ခန့်ကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ စာသင်ကျောင်းများတွင်လည်း ယင်းသို့လုပ်ဆောင်မည်ဖြစ်ကြောင်း ကလေးခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှသိရသည်။

ကလေးမြို့နယ်အတွင်း ၂၀၁၇ ခုနှစ်၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၁၀၀ ကျော်ရှိကြောင်း ယင်းဌာနထံမှသိရသည်။

R-20



  • VIA