News

POST TYPE

HEALTH

မန္တလေးတိုင်းတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၆၀ ဦးရှိ
06-Jun-2018

မန္တလေး၊ ဇွန် ၅

မန္တလေးတိုင်းအတွင်း၌ ယခုနှစ် မေလကုန်ပိုင်းအထိ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၁၆၀ ဦးရှိခဲ့ကြောင်း မန္တလေးတိုင်း ကျန်းမာရေးဦးစီးဌာန ငှက်ဖျားရောဂါတိုက်ဖျက်ရေးဌာန တိုင်းဆရာဝန်ကြီး ဒေါက်တာတင့်ဝေက ပြောကြားသည်။

ယင်းသို့ရောဂါ ဖြစ်ပွားခဲ့သော်လည်း လက်ရှိအချိန်အထိ သေဆုံးသူမရှိခဲ့ဘဲ ရောဂါဖြစ်ပွားမှုအခြေအနေမှာ ယခင်နှစ်များထက် သိသာစွာကျဆင်းသွားသည်ဟု ၎င်းက ပြောဆိုသည်။

ကျွန်တော်တို့တိုင်းအတွင်းမှာ ဌာနကသတ်မှတ်ထားတဲ့ နှုန်းထက်ပိုပြီးတော့ကို ကျဆင်းနေပါတယ်။ ၅၀ ရာခိုင်နှုန်းကျော် ကျနေပါတယ်။ ကျွန်တော်တို့တိုင်းအနေနဲ့က ၂၀၂၀ မှာ သွေးလွန်တုပ်ကွေး ကင်းစင်ရေးရည်မှန်းချက် ရှိနေပါတယ်။ အဲ့ဒီရည်မှန်းချက်ပြည့်မပြည့်ကတော့ စောင့်ကြည့်ရဦးမှာပါ”ဟု ဒေါက်တာတင့်ဝေက ရှင်းပြသည်။

မန္တလေးတိုင်းအနေနှင့် ၂၀၁၅ ခုနှစ်က သွေးလွန်တုပ်ကွေးဖြစ်ပွားနှုန်းနှင့် သေဆုံးနှုန်းမှာ တစ်နိုင်ငံလုံးတွင် အမြင့်ဆုံးဖြစ်ခဲ့ရာမှ လက်ရှိတွင် အဆင့် ၁၀ ခန့်အထိ ကျဆင်းသွားခဲ့ကြောင်း ယင်းဌာနထံမှသိရသည်။

မန္တလေးတိုင်းအနေနှင့် ၂၀၁၅ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်သူ ၆၄၄၂ ဦးရှိခဲ့ပြီး ၁၇ ဦးသေဆုံးခဲ့ကာ၂၀၁၆ ခုနှစ်တွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်သူ ၁၄၀၁ ဦးရှိခဲ့ရာ၌ တစ်ဦးသေ ဆုံးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင်လည်း သွေးလွန်တုပ်ကွေးရောဂါဖြစ်သူ ၂၇၄၀ ဦးအနက်မှ နှစ်ဦးသေဆုံးခဲ့ကြောင်း မန္တလေးတိုင်းကျန်းမာရေးဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

မန္တလေးတိုင်း ငှက်ဖျားရောဂါ တိုက်ဖျက်ရေးဌာနနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက ပိုးလောက်လန်းသတ်ဆေး (အဘိတ်) များကို သွေးလွန်တုပ်ကွေးဖြစ်ပွားလေ့ရှိသည့် နေရာများတွင် လုံလောက်စွာဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း ဒေါက်တာတင့်ဝေက ထပ်မံပြောကြားသည်။

လက်ရှိတွင် တစ်တိုင်းလုံးအတွက် ပိုးလောက်လန်းသတ်ဆေး၂၅ ကီလိုဂရမ်ပါ ဘူးပေါင်း ၈၀၀ ကျော်ဖြန့်ဝေထားကြောင်း ၎င်းက ပြောဆိုသည်။ 

M-04

  • VIA