News

POST TYPE

HEALTH

ပြင်သစ်တွင် ၂၀၁၇ ခုနှစ်အတွင်း ဆေးလိပ်သောက်သူ တစ်သန်းလျှော့ချ
30-May-2018


ပဲရစ်၊ မေ ၂၉

ပြင်သစ်အာဏာပိုင်များသည် ဆေးရွက်ကြီးသုံးစွဲမှုကို ရည်မှန်းချက်ကြီးသော မဟာဗျူဟာဖြင့် တိုက်ဖျက်ရာတွင် သုံးစွဲမှု ဆက်လက်လျှော့ချသွားနိုင်ရန်မျှော်လင့်နေကြသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

ပြင်သစ်နိုင်ငံတွင် ၂၀၁၇ ခုနှစ်က ဆေးလိပ်သောက်သုံးသူအရေအတွက်သည် ယခင်နှစ်ကထက် တစ်သန်းလျော့ကျသွားခဲ့ပြီး ပဲရစ်မြို့သူမြို့သားများသည် ဆေးလိပ်သောက်သည့်အကျင့်ကို စတင်စွန့်ပစ်နေကြပြီဟု ကျန်းမာရေးဝန်ကြီးဌာနက ကြေညာသည်။

ပြင်သစ်နိုင်ငံ၏ နေ့စဉ် ဆေးလိပ်သောက်သူအရေအတွက်သည် ၂၀၁၆ ခုနှစ်တွင် လူဦးရေ၏ ၂၉ ဒသမ ၄ ရာခိုင်နှုန်းရှိရာမှ ၂၀၁၇ တွင် ၂၆ ဒသမ ၉ ရာခိုင်နှုန်းသို့ ကျဆင်းကာ ၂ ဒသမ ၅ ရာခိုင်နှုန်း လျော့ကျသွားသည်ဟု တနင်္လာနေ့ကထုတ်ပြန်သော ကျန်းမာရေးဝန်ကြီးဌာန အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြင်သစ်တွင် ဆေးရွက်ကြီးသုံးစွဲမှုလျှော့ချရေးအတွက် ၂၀၁၆ ခုနှစ်က ရေးဆွဲခဲ့သော အမျိုးသားဆေးရွက်ကြီး လျှော့ချရေးစီမံချက် PNRT ကို အစိုးရ ကျန်းမာရေးဌာနက ချီးကျူးခဲ့သည်။

ပဲရစ်မြို့တော် တည်ရှိသော အီးလ်ဒီဖရန့်စ်ဒေသသည် ဆေးလိပ်သောက်သူအရေအတွက် လျော့နည်းသောနေရာတစ်ခု ဖြစ်သည်။

ထို့အပြင် အလုပ်လက်မဲ့နှင့်ဝင်ငွေနည်းပြည်သူများအကြားတွင်လည်း ဆေးလိပ်သုံးစွဲမှု သိသိသာသာလျော့ကျခဲ့သည်။ အသက် ၁၈ နှင့် ၂၄ အကြားလူငယ်အုပ်စုနှင့် အသက် ၅၅ နှင့် ၆၄ အကြားအမျိုးသမီးအုပ်စုများတွင်လည်း ၉ ရာခိုင်နှုန်းနှင့် ၃ ရာခိုင်နှုန်းအသီးသီးလျော့ကျခဲ့သည်ကို တွေ့မြင်ရသည်။

ပြင်သစ်အာဏာပိုင်များသည် PNRT စီမံချက်အရ ပြည်သူများ ဆေးလိပ်သောက်သည့်အကျင့်ကို စွန့်လွှတ်စေရန် ရည်ရွယ်သော အက်ပ်များ၊ hotline နံပါတ်များနှင့် သတင်းအချက်အလက် ဝန်ဆောင်မှုများကို အကောင်အထည်ဖော်ခဲ့သည်။

ပြည်သူ့ကျန်းမာရေးဌာနအကြီးအကဲ ဖရန်ကွိုက်စ်ဘောင်ဒီလွန်က “လူတိုင်းဆေးလိပ်ပြတ်ဖို့ ဖြစ်နိုင်ခြေရှိတယ်ဆိုတာကို ဒီသမိုင်းဝင်မှတ်တမ်းက သက်သေပြနေပါတယ်” ဟု ပြောကြားသည်။

WHO ၏ အဆိုအရ ကမ္ဘာပေါ်တွင် ဆေးရွက်ကြီးကြောင့် နှစ်စဉ် လူ ၆ သန်း ကျော် သေဆုံးနေပြီး အကြမ်းအားဖြင့် အလယ်အလတ်နှင့် ဝင်ငွေနိမ့်နိုင်ငံများတွင် နေထိုင်နေသောဆေးလိပ်သောက်သူ ၁ ဒသမ ၁ ဘီလီယံ၏ ၈၀ ရာခိုင်နှုန်းခန့်ဖြစ်သည်ဟု သိရှိရသည်။

ဆေးရွက်ကြီးပြဿနာသည် ကမ္ဘာကြီး ရင်ဆိုင်နေရသော အကြီးမားဆုံး လူထုကျန်းမာရေး ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်ဟု WHO က ထုတ်ပြန်ကြေညာထားသည်။

F-04