News

POST TYPE

HEALTH

ခါးနာခြင်းနှင့် သိမှတ်ဖွယ်ရာများ
30-May-2018

လူအများစုသည် ခါးနာဝေဒနာကို ခံစားရပြီး ခါးနာခြင်းသည် လူကြီးများတွင်သာမက လူငယ်၊ လူလတ်ပိုင်းများတွင်ပါ ခံစားရပါသည်။ ခါးနာခြင်းသည် နေ့စဉ်လူနေမှုဘဝအတွက် အခက်အခဲတစ်ခုဖြစ်ပြီး အလုပ်ကောင်းမွန်စွာ မလုပ်နိုင်ခြင်း၊ အချိန်ကြာကြာ မထိုင်နိုင်ခြင်း၊ အချိန်ကြာကြာ မရပ်နိုင်ခြင်းစသည့် နောက်ဆက်တွဲပြဿနာများကိုလည်း ခံစားရတတ်ပါသည်။

ခါးနာရသည့် အကြောင်းအရင်း 

မတော်တဆချော်လဲခြင်း၊ ပြုတ်ကျခြင်း၊ အလေးအပင်မခြင်း၊ တွန်းခြင်း၊ ဆွဲယူခြင်း၊ ကိုယ်အလေး ချိန်များခြင်း၊ အဝလွန်ခြင်း၊ ထိုင်နေစဉ်နှင့် အိပ်နေစဉ်အတွင်း ကိုယ်အနေအထား မှားယွင်းခြင်း၊ လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်းနှင့် ထိခိုက်ဒဏ်ရာရခြင်း၊ အချိန်ကြာကြာ မတ်တတ်ရပ်ခြင်း၊ ကျန်းမာရေးနှင့် မသင့်တော်သည့် ပျော့လွန်း၊ မာလွန်းသော မွေ့ရာများတွင် အိပ်ခြင်းများကြောင့်လည်း ခါးနာခြင်းကို ဖြစ်စေနိုင်ပါသည်။

ထို့အပြင် ခါးနာခြင်းကိုဖြစ်စေသော အခြေခံအကြောင်းတရားများလည်း ရှိပါသေးသည်။

အရိုးပွခြင်း၊ အဆစ်အမြစ်ရောင်ခြင်း၊ ခါးကျီးပေါင်း၊ ခါးဆစ်လွဲ၊ ခါးဆစ်ရိုး ကျွံခြင်း၊ ကျောက်ကပ်ရောဂါရှိခြင်း၊ သားဥအိမ်နှင့် သားအိမ်ရောဂါများ၊ ကင်ဆာရောဂါများကြောင့်ဖြစ်သည်။

ဘယ်လိုကာကွယ်ကြမလဲ

ခါးနာခြင်းမဖြစ်စေရန် အလေးအပင်မခြင်းနှင့် သွားလာလှုပ်ရှားမှုများကအစ ဂရုစိုက်ရန် လိုအပ်ပါသည်။ အလေးအပင်မလျှင် သတိထားပြီး မသင့်ပါသည်။ ကာယလုပ်သားများအနေနှင့်လည်း မိမိခါးကို ဂရုစိုက်ပြီး ကြာကြာထိုင်ခြင်းကို သတိထားဆင်ခြင်သင့်ပါသည်။ ကိုယ်အလေးချိန်လည်း လျှော့သင့်ပါသည်။ ခါးနာသည်ကို ပေါ့ဆ၍မနေသင့်ပါ။ ခါးနာခြင်းရက်ကြာလာလျှင်၊ အနားယူသော်လည်း မသက်သာလျှင်၊ ခြေထောက်နှင့် ခြေဖဝါးထုံကျဉ်လာလျှင်၊ ခြေထောက်အားနည်းလာလျှင်၊ မိမိ၏ နေ့စဉ်လှုပ်ရှားမှုများ ထိခိုက်လာလျှင် ဆရာဝန်နှင့် ပြသတိုင်ပင်သင့်ပါသည်။ ခါးနာခြင်းဝေဒနာသက်သာစေရန် တတ်ကျွမ်းသည့် သူများက သင်ပေးသည့် ခါးလေ့ကျင့်ခန်းများကို လုပ်ပေးသင့်ပါသည်။ ထို့အပြင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကိုလည်း လုပ်ပေးသင့်ပါသည်။ ကိုယ်အလေးချိန်ကိုလည်း ထိန်းထားသင့်ပါသည်။ ဆေးလိပ်သောက်သူများအနေနှင့် ဆေးလိပ်သောက်ခြင်းသည် အရိုးပွခြင်းကို ဖြစ်ပေါ်စေသည့်အတွက် ရှောင်သင့်ပါသည်။

ဘယ်လိုအိပ်ရာမျိုးကို ရွေးချယ်ကြမလဲ

မာလွန်းသော၊ ပျော့လွန်းသောအိပ်ရာများကြောင့် ခါးနာခြင်းကို ဖြစ်စေပါသည်။ ထို့ကြောင့် မမာလွန်း၊ မပျော့လွန်းသည့် အိပ်ရာများကို ရွေးချယ်အိပ်စက်သင့်ပါသည်။ အခုနောက်ပိုင်းတွင် ခါးနာသူများအတွက် သီးသန့်နည်းပညာများဖြင့် ထုတ်ထားသည့်မွေ့ရာများ ပေါ်လာပါသည်။

ကြမ်းခင်းတွင် အိပ်မည်ဆိုပါက အခင်းတစ်ခုခင်း၍ အိပ်စက်သင့်ပါသည်။ တချို့ပက်လက်အိပ်သူများ အနေနှင့်လည်း ခြေထောက်အောက်တွင် ခေါင်းအုံးကဲ့သို့ အုံးစရာတစ်ခုခု ခု၍အိပ်သင့်ပါသည်။ မွေ့ရာနှင့် အိပ်တိုင်း ခါးနာခြင်းမဟုတ်ဘဲ မိမိအိပ်သည့် အနေအထားပေါ်တွင်၌လည်း မူတည်ပါသည်။ မွေ့ရာက အရမ်းပျော့လွန်း၊ မာလွန်းသည့်အတွက် ခါးရိုးကျောတွင် သက်ရောက်မှုရှိသည့် ခါးနာခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။

(ယခုအစီအစဉ်ကို ရောင်ခြည်သစ်ကုသိုလ်ဖြစ် အခမဲ့ဆေးကုခန်းတာဝန်ခံ ဒေါက်တာကျော်စွာဦးက ဖြေကြားပေးထားပါသည်။)