News

POST TYPE

HEALTH

အရက်သောက်သုံးမှု လျော့ကျရေး အရက်နှင့်ဆိုင်သည့်မူဝါဒများ လုပ်ဆောင်မည်
ရန်ကုန်၊ မေ ၁၅

အရက်သောက်သုံးမှု လျော့ကျရေးအတွက် အရက်နှင့်ဆိုင်သည့်မူဝါဒများကို အတည်ပြုချမှတ်နိုင်ရေးအတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စိတ်ကျန်းမာရေး ဆေးရုံကြီးမှ ပါမောက္ခ၊ ဌာနမှူး ဒေါက်တာတင်ဦးက ပြောကြားသည်။

“ဒီ Alcohol Policy က ရှိဖို့လိုအပ်တယ်။ ဒါရှိရင် လျော့လာနိုင်တယ်။ အခုက ၂၄ နာရီစတိုးဆိုင်တွေလည်း ရှိနေတော့ လွယ်လွယ်ဝယ်လို့ ရနေတယ်။ ဒီတော့ ဘယ်အချိန် မရောင်းရဘူးဆိုတဲ့ သတ်မှတ်ချက်တွေ ထားသင့်တယ်”ဟု ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် အရက်သောက်သုံးမှုနှင့်ပတ်သက်၍ စာရင်းအချက်အလက် အတိအကျ ကောက်ယူထားမှု မရှိသော်လည်း လူထုအတွင်း အရက်သောက်သုံးသည့် လူဦးရေသည် ပိုမိုများလာကြောင်း၊အရက်သောက်သုံးမှုကြောင့် စိတ်ကျန်းမာရေးဆေးရုံကြီး (ရန်ကုန်) သို့ နေ့စဉ် တက်ရောက်သည့်လူနာမှာ ၁၃၀ ဦးမှ ၂၀၀ ဦးကြားရှိကြောင်း ယင်းဆေးရုံကြီး၏ အရက်စွဲ ကုသဆောင် စာရင်းများအရ သိရသည်။

အရက်နှင့်သက်ဆိုင်သည့် မူဝါဒများရေးဆွဲရာတွင် ဆက်စပ်ဌာနဆိုင်များအနေနှင့် ပူးပေါင်းပါဝင်ဆွေးနွေးကာ မူဝါဒချမှတ်ပေးရန် လိုအပ်လျက်ရှိပြီး ယင်းမူဝါဒများတွင် အရက်အတွက် အခွန်တိုးမြှင့်ကောက်ခံခြင်း၊ အရက်ကြော်ငြာများ၊ အရက်ရောင်းချသည့် အချိန်များ စသောအချက်များကို အဓိကထား ဆွေးနွေးသွားရန်လိုအပ်ကြောင်း ဒေါက်တာတင်ဦးက ဖြည့်စွက်ပြောကြားသည်။

လက်ရှိအချိန်တွင် ၂၄ နာရီဖွင့်လှစ်ရောင်းချလျက်ရှိသော Convenience ဆိုင်များတွင် ညဘက် ၁၁ နာရီကျော်ပါက အရက်နှင့်ဘီယာများ ရောင်းချခြင်းမပြုရန် စာတန်းများ ရေးကပ်ထားသော်လည်း ယင်းဆိုင်အချို့က နားလည်မှုနှင့် ရောင်းချပေးနေကြောင်း မင်္ဂလာတောင်ညွန့်ရပ်ကွက်နေ ပြည်သူတစ်ဦးကဆိုသည်။

မြန်မာနိုင်ငံတွင် စိတ်ပိုင်းဆိုင်ရာ လက္ခဏာဖြစ်ပွားမှု ယခင်ထက်ပို၍များလာကြောင်း၊ ထို့အတူ အရက်သောက်သုံးမှု ပြဿနာသည်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြင့်တက်လျက်ရှိနေပြီး မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုများသည် အရက်သောက်သုံးခြင်းနှင့် ဆက်စပ်လျက်ရှိကြောင်း စိတ်ကျန်းမာရေးဆေးရုံကြီး (ရန်ကုန်)၊ အရက်စွဲကုသဆောင်မှ တွဲဖက်ပါမောက္ခ ဒေါက်တာ ညိုညိုအောင်က ပြောကြားသည်။

“ဆရာမတို့ ဆေးရုံကို လာပြတဲ့လူနာတွေကတော့ အမျိုးသား များပါတယ်။ ဆေးရုံမှာ အရင်ကထက် ကုသမှုခံယူတဲ့သူ ပိုများလာတယ်။ အသက်အရွယ်က မျိုးစုံဆိုပေမယ့် အသက် ၂၅ နှစ်ကနေ ၄၅ နှစ်ကြားကတော့ အများဆုံးပါပဲ”ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ စိတ်ကျန်းမာရေး ဆေးရုံကြီး (ရန်ကုန်) တွင် ၂၀၁၇ ခုနှစ်အတွင်း အရက်ဖြတ်သည့်လူနာ ၆,၇၁၈ဦး၊ စိတ်ကြွစိတ်ကျလူနာ ၃,၉၇၄ ဦး၊ စိတ်ကစဥ့်ကလျား ရောဂါလူနာ ၁,၇၉၃ ဦး၊ မူးယစ်ဆေးစွဲလူနာ ၂,၃၁၅ ဦး၊ စိတ်ဓာတ်ကျလူနာ ၃၀၁ ဦး၊ အတက်ရောဂါလူနာ ၈၅ ဦးနှင့် အခြားစိတ်နှင့် သက်ဆိုင်သည့် လူနာစုစုပေါင်း ၁၅,၄၆၄ ဦး ဆေးကုသမှု ခံယူခဲ့ကြောင်း ယင်းဆေးရုံကြီး၏ စာရင်းအချက်အလက်များအရ သိရသည်။

J-12