News

POST TYPE

HEALTH

မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုမှ ကာကွယ်ခြင်း မဟာဗျူဟာရေးဆွဲမည်
ရန်ကုန်၊ မေ ၈

မိမိကိုယ်ကိုယ်သေကြောင်း ကြံစည်မှုမှ ကာကွယ်ခြင်းဆိုင်ရာ မဟာဗျူဟာ (Suicide Strategy) ကို လာမည့်နှစ်အတွင်း စတင်ရေးဆွဲရန်ဆောင်ရွက်လျက်ရှိကြောင်း စိတ်ကျန်းမာရေးဆေးရုံကြီးမှ ပါမောက္ခ၊ ဌာနမှူး ဒေါက်တာတင်ဦးက ပြောကြားသည်။

“ဆရာတို့ဌာနတစ်ခုတည်းနဲ့ ဒါကိုလက်ခံလို့မရဘူး။ ကျန်တဲ့ဌာနတွေက အာဏာပိုင်တွေ၊ ပညာရှင်တွေနဲ့ ဆုံးဖြတ်နိုင်တဲ့ သူတွေကိုခေါ်ပြီး မဟာဗျူဟာ ခြောက်ခုကိုလုပ်သွားမယ်”ဟု ၎င်းက ဆိုသည်။

မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုနှုန်းများ လျော့နည်းစေရေးအတွက် နည်းလမ်းများစွာရှိသော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြံပြုချက်များဖြစ်သည့် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုကို ဖြစ်စေနိုင်မည့်ပစ္စည်းများ (ပိုးသတ်ဆေး၊ ကြွက်သတ်ဆေး) အလွယ်တကူရရှိခြင်းကို ထိန်းချုပ်ရန်၊ မီဒီယာများမှတစ်ဆင့် ယင်းသို့ဖြစ်ပွားမှုများ လျော့နည်းရန် ပညာပေးခြင်း၊ ထို့ပြင်အရက်နှင့် မူးယစ်ဆေးဝါးများသည် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ခြင်းကို ဖြစ်စေနိုင်သည့်အတွက် ၎င်းတို့နှင့်သက်ဆိုင်သည့် မူဝါဒများ ချမှတ်ရန် စသောအချက်များကို အဓိကထား ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိတ်ကျန်းမာရေးစီမံချက်အရ သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ “Mental Health Action Plan 2013-2020” အရ လာမည့် ၂၀၂၀ ပြည့်နှစ်တွင် အဖွဲ့ဝင်နိုင်ငံများတွင် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုနှုန်းများ ၁၀ ရာခိုင်နှုန်းအထိ လျော့ကျစေရန် ရည်မှန်းထားကြောင်း WHO Mental Health Gap Action Programme (mhGAP) တွင် ဖော်ပြထားသည်။

အဆိုပါ မဟာဗျူဟာရေးဆွဲရာတွင် စိတ်ကျန်းမာရေးဌာန တစ်ခုတည်းဖြင့် မဟုတ်ဘဲ ပညာရေး၊ အလုပ်သမားရေးရာ၊ စိုက်ပျိုးမွေးမြူရေး၊ ဥပဒေ၊ ကာကွယ်ရေး၊ နိုင်ငံရေးနှင့် မီဒီယာအခန်းကဏ္ဍများကလည်း ပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်း စိတ်ကျန်းမာရေးစီမံချက်မှ တာဝန်ရှိသူတစ်ဦးက ဖြည့်စွက်ပြောကြားသည်။

မြန်မာနိုင်ငံ၏ ၂၀၁၄ ခုနှစ် အချက်အလက်များအရ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုတွင် မိမိကိုယ်ကိုယ် ကြိုးဆွဲချသတ်သေမှုသည် ၇၁ ဒသမ ၃ ရာခိုင်နှုန်း၊ ဆေးလွန်ခြင်းသည် ၂၀ ဒသမ ၅ ရာခိုင်နှုန်း၊ မိမိကိုယ်ကိုယ် နာကျင်အောင်ပြုလုပ်၍ သတ်သေခြင်းသည် ၃ ဒသမ ၁ ရာခိုင်နှုန်း၊ အမြင့်မှခုန်ချ၍ သတ်သေခြင်းသည် ၁ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း စိတ်ကျန်းမာရေးဆေးရုံကြီးထံမှ သိရသည်။

J-12