News

POST TYPE

HEALTH

ကလေးများကို အသည်းရောင်အသားဝါဘီ ကာကွယ်ဆေးထိုးပေးမည်
ရန်ကုန်၊ မေ ၁ 

အသက်ငါးနှစ်မှ ခုနစ်နှစ်အရွယ် အသည်းရောင် အသားဝါဘီပိုး ကာကွယ်ဆေးမထိုးရသေးသည့် ကလေးများကို ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်မန်နေဂျာ ဒေါက်တာထားထားလင်းက ပြောကြားသည်။

အသက် ငါးနှစ်မှ ခုနစ်နှစ်အရွယ်ဟု ဆိုရာတွင် ၂၀၁၁ ခုနှစ် ဧပြီလမှ ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်း မွေးဖွားခဲ့ပြီး ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် အသည်းရောင်အသားဝါဘီ ကာကွယ်ဆေး မထိုးနိုင်ခဲ့သဖြင့် ယင်းအချိန်အတွင်း မွေးဖွားခဲ့သော ကလေးများသည် အသည်းရောင်အသားဝါဘီ ကာကွယ်ဆေး လုံးဝမရရှိခဲ့သော ကလေးများဖြစ်ကြောင်း တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းထံမှ သိရသည်။

“သူကပုံမှန်အလုပ်ထက် ပိုတဲ့အတွက် လအပိုင်းအခြားပဲ လုပ်နိုင်ပါတယ်။ နောက် ငါးမျိုးစပ်ဆေးထဲမှာလည်း အသည်းရောင်အသားဝါဘီက ပါတယ်။ ငါးမျိုးစပ် မထည့်ခင် တစ်နှစ်ခွဲလောက်က အသည်းရောင်အသားဝါဘီ ကာကွယ်ဆေး မထိုးနိုင်လိုက်ဘူး။ တစ်နှစ်ခွဲကလေးကလည်း တစ်သန်းခွဲ နီးပါးရှိတယ်”ဟု ဒေါက်တာထားထားလင်းက ဆိုသည်။

ကလေးဘဝတွင် အသည်းရောင်အသားဝါကူးခြင်းသည် နာတာရှည်ဖြစ်စေရန် အခွင့်အရေးများပြီး အဆိုပါကလေးများကို ၂၀၁၈ ခုနှစ် ဧပြီလမှ ဇူလိုင်လအထိ ထိုးနှံပေးမည်ဖြစ်ပြီး ယင်းဆေးသည် သုံးကြိမ်ပြည့်အောင် ထိုးနှံရမည့်ဆေးဖြစ်ကြောင်း တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း အချက်အလက်များတွင် ဖော်ပြထားသည်။ 

“မထိုးရသေးတဲ့ ကလေးတွေအတွက်ကို ဝန်ကြီးဌာနက ဆေးရှာပေးတော့ တစ်နှစ်ခွဲစာကလေးတွေအတွက် ပြန်ထိုးပေးတဲ့သဘောပါ။ သုံးကြိမ်ပြည့်အောင် ထိုးဖို့လိုပါတယ်။ ဧပြီနဲ့မေမှာ ပထမအကြိမ်ထိုးမှသာ ဒုတိယနဲ့ တတိယအကြိမ် မိမှာပါ”ဟု ဒေါက်တာထားထားလင်းက ရှင်းပြသည်။

အဆိုပါ အသည်းရောင်အသားဝါဘီ ကာကွယ်ဆေးကို တစ်လခြား၍ သုံးကြိမ်ထိုးနှံပေးသွားမည် ဖြစ်သည့်အတွက် အကြိမ်ပြည့် ထိုးနှံနိုင်ရန်အတွက် မိဘများအနေနှင့် ပထမအကြိမ် အသည်းရောင်အသားဝါဘီ ကာကွယ်ဆေးကို မေလတွင် နောက်ဆုံးထိုးနှံရန် လိုအပ်ကြောင်း၊ ယင်းဆေးထိုးနှံခြင်းကို ဗဟိုအဆင့် ဆေးရုံကြီးများရှိ ဆေးရုံအခြေပြု ကာကွယ်ဆေးထိုးခန်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ခရိုင်အဆင့် ခုတင် ၁၀၀ နှင့်အထက် ဆေးရုံကြီးများ၊ မြို့နယ်ဆေးရုံများအားလုံး၊ ဒေသန္တရ၊ မိခင်ကလေး ကျန်းမာရေးဌာနများ အားလုံး၊ အအေးလမ်းကြောင်းရှိသော တိုက်နယ်ဆေးရုံများ၊ ကျေးလက် ကျန်းမာရေးဌာနများတွင် မည်သည့်တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်အတွင်း နေထိုင်သည်ဖြစ်စေ လာရောက်ထိုးနှံသော မည်သည့်ကလေးကိုမဆို ထိုးနှံပေးမည်ဖြစ်ကြောင်း တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းထံမှ သိရသည်။ 

J-12