News

POST TYPE

HEALTH

မြို့နယ် ဒေသန္တရဆေးခန်း၏ လွှဲစာပါမှ ရန်ကုန်ဆေးရုံကြီးတွင် ပြသခွင့်ပြုမည်
22-Apr-2018

ရန်ကုန်၊ ဧပြီ ၂၂

ရန်ကုန်ဆေးရုံကြီးသို့ အရေးပေါ် လူနာမှလွဲ၍ သာမန် ဆေးကုသမှု ခံယူမည့်လူနာများကို သက်ဆိုင်ရာ မြို့နယ်အဆင့် ဒေသန္တရ ဆေးခန်း၏ လွှဲစာပါရှိမှသာ လက်ခံကုသပေးရန် မကြာခင်စီစဉ်မည်ဖြစ်ကြောင်း ဆေးရုံကြီး အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သို့သော် ယင်းကဲ့သို့ အစီအစဉ်ကို မည်သည့်အချိန်တွင် စတင် အကောင်အထည်ဖော်မည်ကိုမူ အတိအကျ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

လက်ရှိ ရန်ကုန်ဆေးရုံကြီးသို့ အနယ်နယ် အရပ်ရပ်မှ လာရောက်ပြသသူများအနေနှင့် မြို့နယ်ဆေးရုံနှင့် ဒေသန္တရဆေးခန်း၌ပြသ၍ ကုသနိုင်မည့်ရောဂါ လက္ခဏာနှင့်ပင် မလိုအပ်ဘဲ 
ဆေးရုံကြီးသို့ တိုက်ရိုက်လာရောက် ပြသနေသူ လူနာ ၂၀၀ နှင့် ၃၀၀ ကြား နေ့စဉ် ပါဝင်နေခြင်းကြောင့် ယခုကဲ့သို့ ဆောင်ရွက်ရန် ရန်ကုန်ဆေးရုံအုပ်ကြီးက မီဒီယာတစ်ခုသို့ ဖြေကြားလိုက်ခြင်းဖြစ်နိုင်ကြောင်း ရန်ကုန်ဆေးရုံအုပ် ဒေါက်တာခင်သိင်္ဂီမြင့်က ဆိုသည်။

“Special Treament မလိုတဲ့သူတွေကလည်း လာကုနေတယ်ပေါ့။ ခေါင်းမူးတယ်။ သွေးပေါင်ကျတယ်။ အပူလည်း များတယ်ဆိုပါစို့။ ဒါသာမန်ရောဂါ လေ အပြင်ဆေးခန်းမှာလည်း GP Treament ဆိုတာရှိတယ်။ အာရုံ ကြော အားတိုးဆေးသွင်းပြီး အားဆေးလေး သောက်မယ် အနားယူလိုက်ဆို ကောင်းသွားမယ်။ အဲ့လို အထူးကုနဲ့ ပြဖို့မလိုတဲ့သူတွေလည်း ၂၀၀ နဲ့ ၃၀၀ အောက်ထစ် ရှိတယ်”ဟု ၎င်းကဆိုသည်။

ထို့အပြင် မလိုလားအပ်သော ပြဿနာများပါ ပါဝင်လျက်ရှိပြီး အထူးကု ပြင်ပလူနာဌာနများသို့ လာရောက်ပြသသူ လူနာများကြား၌ နေရာဦးပေးပြီး တန်းစီရာတွင် တုံကင်စနစ်ပုံစံ ယူပေးမည်ဟု လိမ်လည်လှည့်ဖြားမှုများ ဖြစ်ပေါ်နေကြောင်း ရန်ကုန်ဆေးရုံကြီးတွင် ဧပြီလ ၁၈ ရက်က သွားရောက်ပြခဲ့သူ လူနာတစ်ဦးက မှတ်ချက်ပြုသည်။

“တချို့လူတွေက မတန်းစီရရင်ပြီးရော လုပ်ကြတယ်။ မြန်မာလူမျိုးတွေက ယုံကြည်ဖို့ လွယ်တာလည်း ပါတယ်။ တစ်သောင်းတို့ တစ်သောင်းခွဲတို့ ပေးလိုက်တယ်။ ဥပမာ တုံကင်နံပါတ် ၅၀ ကို တုံကင် ၅ ရောက်သွားအောင် လုပ်ပေးဆိုပြီးတော့ လူနာရဲ့ ဆေးမှတ်တမ်းစာအုပ် ယူတယ်။ ပိုက်ဆံတောင်းတယ်။ ပြီးတော့ လူကပျောက်သွားတယ်။ ဒါတွေ အောက်ခြေမှာ နေ့စဉ် တွေ့ရတယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်ဆေးရုံကြီးကို ၂၀၁၆ ခုနှစ်က ခုတင်နှစ်ထောင်ဆံ့ ဆေးရုံကြီးအဖြစ် တိုးချဲ့ခဲ့ပြီး ဆေးဝါးကုသမှုနှင့်ပတ်သက်၍ နိုင်ငံတကာအဆင့်မီ ကျွမ်းကျင်အထူးကုဆရာဝန်ကြီးများ ဦးဆောင်ကုသပေးနေသော အထူးကု ပြင်ပလူနာဌာန ၂၀ ကျော်ရှိသည့်အတွက် ရန်ကုန်မြို့ အပါအဝင် အနယ်နယ် အရပ်ရပ်မှ နေ့စဉ် လာရောက်ပြသသူ လူနာ ၉၀၀ နှင့် ၁၀၀၀ ကြား ရှိနေသည့်အနက် သာမန် ရောဂါဖြစ်ပွားသူများပါ လာရောက်ပြသနေခြင်းဖြစ်ကြောင်း ရန်ကုန်ဆေးရုံကြီးနှင့် နီးစပ်သူအချို့ထံမှ စုံစမ်းသိရသည်။

ထို့အပြင် ရန်ကုန်ဆေးရုံကြီးရှိ အထူးကုဆရာဝန်ကြီး (Professor Head) များသည် ရောဂါကုသမှုဌာနအလိုက် ဦးဆောင် လုပ်ကိုင်သည့်အပြင် ဆေးတက္ကသိုလ်ရှိ ကျောင်းသူ၊ ကျောင်းသားများကို စာသင်ကြားသည့်အလုပ်ကို တွဲဖက် လုပ်ကိုင်ရခြင်းကြောင့် အားလပ်မှု မရှိကြောင်း၊ လူနာတိုင်း၏ ရောဂါကုသမှုတိုင်းအတွက် အမြဲလုပ်ကိုင်ပေးရန် မလွယ်ကူသည့်အတွက် အဆင့်ဆင့် ညွှန်ကြားရသည်ကို လူနာများ နားလည်လက်ခံရမည်ဖြစ်ကြောင်း ရန်ကုန်ဆေးရုံကြီး အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

J-17