News

POST TYPE

HEALTH

ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးရန်ကျန်သည့် ကလေးတစ်သန်းကို ဆေးထိုးပေးမည်
18-Apr-2018

ရန်ကုန်၊ ဧပြီ ၁၈


ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသည့် ကလေးတစ်သန်းကို ယခုနှစ် ဧပြီလမှ ဇူလိုင်လအတွင်း ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်မန်နေဂျာ ဒေါက်တာထားထားလင်းက ပြောကြားသည်။


၂၀၁၇ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံတစ်ဝန်းရှိ အသက် ငါးနှစ်မှ ၁၅ နှစ်အရွယ် ကလေးများကို ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီးနောက် ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက် ထိုးနှံပေးခြင်းဖြစ်ကြောင်း တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းထံမှ သိရသည်။


အဆိုပါ ကာကွယ်ဆေးကို ၂၀၁၈ ခုနှစ်၊ ဧပြီလ၊ မေလ၊ ဇွန်လနှင့် ဇူလိုင်လတို့တွင် ဗဟိုအဆင့်ဆေးရုံကြီးများရှိ ဆေးရုံအခြေပြု ကာကွယ်ဆေးထိုးခန်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ခရိုင်အဆင့် ခုတင် ၁၀၀ နှင့်အထက် ဆေးရုံကြီးများ၊ မြို့နယ်ဆေးရုံများအားလုံး၊ ဒေသန္တရ၊ မိခင်ကလေး ကျန်းမာရေးဌာနများအားလုံး၊ အအေးလမ်းကြောင်းရှိသော တိုက်နယ်ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာနများတွင် မည်သည့်တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်အတွင်းနေထိုင်သည်ဖြစ်စေ လာရောက်ထိုးနှံသော မည်သည့်ကလေးကိုမဆို ထိုးနှံပေးသွားမည်ဖြစ်သည်။


J-12