News

POST TYPE

HEALTH

ဖော်မလင်အစားထိုး ဖော်မြူလာများ FDA စမ်းသပ်
04-Apr-2018


ရန်ကုန်၊ ဧပြီ ၃

မုန့်ဖတ်များ တာရှည်ခံစေရေးအတွက် အသုံးပြုနေသည့် ဖော်မလင်အစားထိုး ဖော်မြူလာများကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က စမ်းသပ်ထုတ်ဖော် လမ်းညွှန်ပေးခဲ့ကြောင်း ယင်းဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောကြားသည်။

“ဖော်မြူလာက ခြုံပြောရရင် Safe ဖြစ်ပါတယ်။ လူထုကို အနှောင့်အယှက်မပေးမယ့် ဓာတုပစ္စည်းတွေကို သေချာလေ့လာစမ်းသပ်ပြီး အစားထိုးသုံးဖို့ လမ်းညွှန်ပေးတာပါ။ အခုလို လမ်းညွှန်ပေးတဲ့ နည်းလမ်းတွေနဲ့မဟုတ်ဘဲ ဖော်မလင်ကို ဆက်သုံးနေမယ်၊ မလိုက်နာဘူးဆိုရင်တော့ ပိုမိုတင်းကျပ်တဲ့ ဥပဒေနဲ့ အရေးယူသွားဖို့ရှိတယ်”ဟု ၎င်းက ပြောဆိုသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအနေနှင့် အစားအသောက်များ ဘေးအန္တရာယ်ကင်း၍ လုံခြုံစိတ်ချစေရေးအတွက် မုန့်ဖတ်၊ နန်းကြီး၊ နန်းပြားများအပြင် ပဲပြားနှင့်ပဲသွေး စသောအစားအစာများ တာရှည်ခံရေးအတွက် ဖော်မလင်ထည့်သွင်း အသုံးပြုနေသည့်ကိစ္စကို အမြစ်ပြတ် ပပျောက်စေရေးအတွက် နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော အစားအသောက်နှင့် သက်ဆိုင်သည့် လမ်းညွှန်ချက်များကို လေ့လာစမ်းသပ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

အချို့သော လုပ်ငန်းရှင်များအနေနှင့် မုန့်ဖတ်များ ကြာရှည်ခံစေရေးအတွက် တားမြစ်ဓာတုပစ္စည်းဖြစ်သည့် ဖော်မလင်ကို ထည့်သွင်းအသုံးပြုကြရာ ၎င်းသည် အရောင်အဆင်းမရှိ၊ အနံ့ပြင်းသော Formaldehyde ဒြပ်ပေါင်းပါဝင်သည့် အရည်တစ်မျိုးဖြစ်ပြီး ရေရှည်စားသုံးမိပါက ကိုယ်ဝန်ဆောင်မိခင်များ ထိခိုက်နိုင်ကာ ကလေးဖွံ့ဖြိုးမှုအားနည်းခြင်း၊ အသည်းကင်ဆာဖြစ်ခြင်းနှင့် အခြားသောရောဂါများကို ဖြစ်ပွားစေနိုင်ကြောင်း FDA (ရန်ကုန်) ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမင်းဝန်က ရှင်းပြသည်။

အဆိုပါ ဖော်မြူလာသုံးမျိုးနှင့် ပတ်သက်သည့် အသိပညာပေးဟောပြောပွဲများကို ရန်ကုန်နှင့် မန္တလေးအပြင် အခြားသော တိုင်းနှင့်ပြည်နယ်များတွင်လည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအား ဖော်မြူလာနှင့်ပတ်သက်သည့် လက်တွေ့သရုပ်ပြ ပညာပေး ဟောပြောပွဲကို FDA ရန်ကုန်ရုံး၌ မတ်လ ၃၁ ရက်နေ့တွင် ပြုလုပ်ပေးခဲ့ပြီး FDA ၏ ပညာပေးထိန်းသိမ်းမှုများကြောင့် လွန်ခဲ့သည့်ရက်ပိုင်းအတွင်း ရန်ကုန်ရှိ မုန့်ဖတ်ထုတ်လုပ်သည့် ဖို ၈၅ ခုကို နမူနာကောက် ယူစစ်ဆေးရာ ဖော်မလင်သုံးစွဲမှု ကင်းရှင်းသည်ကို တွေ့ရကြောင်း ယင်းဌာန၏ မှတ်တမ်းများအရ သိရသည်။
 
J-12


  • VIA