News

POST TYPE

HEALTH

ရန်ကုန်မြို့ ရှိ တရားမဝင်ပုဂ္ဂလိကဆေးခန်းအချို့ကို ယခုရက်ပိုင်းအတွင်း ရှောင်တခင်စစ်ဆေးမည်
02-Apr-2018 tagged as

ရန်ကုန်၊ ဧပြီ ၂

ရန်ကုန်မြို့၌ တရားမဝင် ပုဂ္ဂလိက ဆေးခန်းများ စိစစ်မှုအရှိန်မြှင့်ရန် စာရင်း ရရှိထားသော မြို့နယ်အချို့ရှိ ဆေးခန်းများကို ယခုရက်ပိုင်းအတွင်း ရှောင်တခင် ဝင်ရောက်စစ်ဆေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တရားမဝင်ကုသမှုနှင့်ပတ်သက်သည့် ဆေးဝါးပစ္စည်း ကိရိယာများ တွေ့ရှိပါက ချက်ချင်း အရေးယူမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဒီရက်ပိုင်းထဲစစ်ဖို့ အစီအစဉ် ဆွဲထားတယ်။ တရားဥပဒေနဲ့ မညီတာလုပ်ရင်တော့ ဥပဒေအတိုင်း ဆောင်ရွက်မယ်”ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့တွင် တရားမဝင် ကုသမှု ပုံစံဖြင့်ဖွင့်ထားသောဆေးခန်း ဆယ်ခုကျော်ရှိသည်ဟု တိုင်ကြားစာ ရရှိထားခြင်းကြောင့် အလျဉ်းသင့်သည့်အတိုင်း ရှောင်တခင် ဝင်ရောက် စစ်ဆေးနေခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် တရားမဝင် ဆေးခန်းဟုယူဆသော ဆေးခန်းများကို တရားမဝင် နိုင်ငံခြားသား ဆေးကုသသူများ ကုသခြင်း ရှိ မရှိ၊ ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းလိုင်စင် ရှိ၊ မရှိ အပါအဝင် ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း ရှိ၊ မရှိနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာခြင်း ရှိ၊ မရှိဟူသော အချက်အလက်အပေါ် မူတည်၍ စစ်ဆေးအရေးယူခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း ကုသရေးဦးစီးဌာနထံမှ သိရသည်။

ယခုနှစ် မတ်လ ၂၁ ရက်တွင် လှိုင်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် ဖွင့်ထားသည်ဟု သတင်းရရှိသဖြင့် ဝင်ရောက်စစ်ဆေးခဲ့ရာတွင် ပုဂ္ဂလိကဆေးခန်း နှစ်ခုအနက်မှ ရောင်နီဦးအမည်ရှိ ပုဂ္ဂလိကဆေးခန်းမှာ လုပ်ငန်းလိုင်စင် ရှိသော်လည်း တရားမဝင် ကုသရာတွင် အသုံးပြုသည့် တရုတ်ဆေးဝါးများနှင့် ၁၆ ခုတင်ဆံ့ ဆေးရုံများတွင် အသုံးပြုသော ခွဲစိတ်ခန်းနှင့် ခွဲစိတ်ခန်းသုံး ပစ္စည်းများ တွေ့ရှိရခြင်းကြောင့် ယင်းမြို့နယ်ရဲစခန်း၌ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေအရ ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်အရေးယူထားသည်။

“ရှောင်တခင် စစ်ဆေးမှာမို့ ကြိုပြောပေးလို့ မရဘူး။ ရန်ကုန်မှာ အခုလို ဆေးခန်းတွေ ပပျောက်တဲ့အထိ လုပ်ဖို့ အစီအစဉ်တွေ ရေးဆွဲထားတယ်။ ဒီတရားမဝင် ဆေးခန်းတွေကြောင့် ရောဂါမပျောက်ဘဲ ပြည်သူလူထု အသက်အန္တရာယ်အတွက်လည်း စိုးရိမ်ရတယ်”ဟု စစ်ဆေးမှု အစီအစဉ်တွင် ပါဝင်ဆောင်ရွက်နေသည့် ဆရာဝန်တစ်ဦးက ဆိုသည်။

ရန်ကုန်မြို့၌ အလားတူ ဖွင့်ထားသည့် ဆေးခန်းများကို တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဖွဲ့စည်းထားသော ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း ကြီးကြပ်ရေး ကော်မတီက ဦးဆောင်စစ်ဆေးနေခြင်းဖြစ်ပြီး တိုင်းအဆင့် ကုသရေးဦးစီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး၊ ကျန်းမာရေးဌာန၊ ရဲတပ်ဖွဲ့နှင့် ပူးပေါင်း အဖွဲ့အစည်းများဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

J-17

  • TAGS